ဘရိုက်တန်တို့ အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရခဲ့တာပါ။

ဘရိုက်တန်ကတော့ အိမ်ကွင်းမှာ ကစားအားကောင်းကောင်း၊ ဦးတည်ချက်ကောင်းကောင်းနဲ့ အသင်းနည်းပြဟောင်း ပေါ်တာရဲ့ ချဲလ်ဆီးကို ဂိုးပြတ် အနိုင်ယူခဲ့ပါတယ်။ ပေါ်တာရဲ့အသင်းက နည်းစနစ်ပိုင်း အားနည်းချက်တွေ ကြီးမားလွန်းခဲ့ပြီး ပထမပိုင်းမှာတင် ဘယ်လိုမှ ပြန်မလှန်နိုင်ဘဲ ဂိုးပြတ်ရှုံးနေခဲ့တာပါ။



ဒီပွဲမှာ ဘရိုက်တန်ရဲ့ကွင်းလယ်နဲ့ တိုက်စစ်က ချဲလ်ဆီးကို ကောင်းကောင်း အသာရခဲ့ပြီး မီတိုမာ၊ ထရော့ဆက်တို့အပါအဝင် ဘရိုက်တန် ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းနဲ့ ကစားအားကို ချဲလ်ဆီးတို့ ဘယ်လိုမှမယှဥ်နိုင်ခဲ့ပါဘူး။ ချဲလ်ဆီးကတော့ အူဘာမီးယန်းကို အရန်ခုံမှာပဲ ထားခဲ့ပြီး မေဆင်မောင့်၊ ဟာဗက်ဇ်၊ ဂယ်လာဂါ၊ ကိုဗာဆစ်တို့နဲ့ ပွဲထွက်လာခဲ့တာပါ။

အထူးသဖြင့် Wing Back တွေမှာ စတာလင်နဲ့ ပူလီဆစ်တို့ကို ထားကစားတာ၊ ဗဟိုနောက်ခံလူနေရာမှာ ကူကူရယ်လာကို ထားကစားခဲ့တာတွေက ပေါ်တာရဲ့ ဒီပွဲအခင်းအကျင်းကို တော်တော်လေး ဝေဖန်ချင်စရာကောင်းခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ဘရိုက်တန်ရဲ့ တိုက်စစ်ဆင်မှုတွေကို ချဲလ်ဆီးတို့ ဘယ်လိုမှ မထိန်းနိုင်ခဲ့ဘဲ ပထမပိုင်းမှာတင် Own Goal နှစ်ဂိုးအပါအဝင် သုံးဂိုးအထိ ခွင့်ပြုလိုက်ရပါတယ်။

ဒီရာသီ အသင်းကြီးတွေနဲ့ တွေ့တိုင်း ဂိုးသွင်းထားတဲ့ ထရော့ဆက်က ဘရိုက်တန်အတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီနောက် လော့ဖ်တပ်ချိခ်၊ ချာလိုဘာ့ဂ်တို့က ကိုယ့်ဂိုးကိုယ် ပြန်သွင်းယူမိခဲ့ကြပါတယ်။ လော့ဖ်တပ်ချိခ်က ပေါ်တာရဲ့ ပူပူနွေးနွေး ချီးကျူးမှုကို ရထားတဲ့ ကစားသမားဖြစ်ပြီး ချာလိုဘာ့ဂ်ကလည်း သူပါဝင်ကစားတိုင်း အသင်းမရှုံးတဲ့ အစဥ်အလာရှိထားသူပါ။

ဒီပွဲမှာတော့ ချာလိုဘာ့ဂ်ရဲ့ အစဥ်အလာလည်း ကျိုးပျက်ခဲ့ရပါတယ်။ ဒုတိယပိုင်းအစမှာ ဂိုးသမား ကီပါကို မန်ဒီနဲ့ လဲခဲ့ပြီး အူဘာမီးယန်း၊ ချီဝဲလ်တို့လည်း ဝင်ကစားခဲ့ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးတို့ ဟာဗက်ဇ်ရဲ့ ချေပဂိုးတဂိုးပဲ ပြန်ရခဲ့ပြီး ပွဲပြီးခါနီးမှာ ဂရော့စ်ရဲ့ သွင်းဂိုးကို ထပ်ခွင့်ပြုခဲ့ရတာကြောင့် ၄-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါဟာ ပေါ်တာလက်ထက် ချဲလ်ဆီးရဲ့ ပထမဆုံးရှုံးပွဲလည်းဖြစ်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က