ရာမို့စ်နဲ့မက်ဆီတို့အကြား သာမန်ကာလျှံကာ ဆက်ဆံရေးအဆင့်ပဲရှိတယ်လို့ သတင်းတွေက ဖော်ပြခဲ့တာပါ။

PSG ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ သူတို့သမိုင်းတစ်လျှောက် အကောင်းဆုံးအပြောင်းအရွှေ့ကို ပိုင်ဆိုင်ခဲ့တယ်လို့တောင်ဆိုနိုင်ပြီး တကယ့် ဒိတ်ဒိတ်ကြဲ ကစားသမားတွေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တာပါ။



ယူရိုမှာ အကောင်းဆုံးဆုရခဲ့တဲ့ အီတလီဂိုးသမား ဒွန်နာရမ်မာ၊ ရီးရဲယ်မက်ဒရစ်နောက်ခံလူ ရာမို့စ်၊ လီဗာပူး ကွင်းလယ်လူ ဝိုင်နယ်လ်ဒမ်း၊ ဘာစီလိုနာရဲ့ မရှိမဖြစ် မက်ဆီတို့လို ကစားသမားတွေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ဟာကီမီအတွက်သာ ပြောင်းရွှေ့ကြေး ယူရို သန်း (၆၀) အသုံးပြုခဲ့ရတာဖြစ်ပါတယ်။

အထူးသဖြင့် စပိန်က ရီးရဲယ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းခေါင်းဆောင် နှစ်ယောက်လုံးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာက PSG အတွက် ဥရောပတိုက်ပွဲစာမျက်နှာမှာပါ ခေါင်းတစ်လုံးသာသလို ဖြစ်စေခဲ့တာပါ။ ဒါပေမယ့်လည်း မက်ဆီက ပြင်သစ်လီဂူးမှာ ရုန်းကန်နေရဆဲဖြစ်ပြီး ရာမို့စ်ကလည်း ခြေသလုံးဒဏ်ရာကြောင့် အခုချိန်ထိ အသင်းသစ်အတွက် တစ်ပွဲမှ မကစားပေးနိုင်သေးပါဘူး။

မက်ဆီ PSG ကို ရောက်ရောက်လာချင်း ရာမို့စ်ဆီက အပေါင်းလက္ခဏာဆန်ဆန် စကားလုံးတွေကို ကြားခဲ့ရပေမယ့် တကယ်တမ်းမှာတော့ သူတို့နှစ်ယောက်ကြား ကာလရှည်ပြင်းထန်ခဲ့တဲ့ ဆက်ဆံရေးကြောင့် ပုံမှန်လိုမဖြစ်နိုင်ဘူးလို့ သတင်းတွေက ဖော်ပြလာပါတယ်။

ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အယ်လ်ကလက်စီကိုပွဲစဥ်တွေမှာ ဒီကစားသမားနှစ်ယောက်က (၄၅) ကြိမ်တိုင်တိုင် ထိပ်တိုက်တွေ့ခဲ့ပြီး ရာမို့စ်အနေနဲ့လည်း မက်ဆီကို ရည်ရွယ်ချက်ရှိရှိ ဖျက်ထုတ်ဟန့်တားမှုတွေ၊ နှစ်ယောက်အကြား ထိပ်တိုက်တွေ့မှုတွေ ရှိခဲ့ဖူးတာပါ။ နာမည်ကျော် AS သတင်းဌာနရဲ့ ဖော်ပြချက်အရတော့ နည်းပြပိုချက်တီနိုနဲ့ အသင်းတာဝန်ရှိသူတွေဟာ ဒီနှစ်ယောက်အတွက် ခေါင်းစားရဖို့ရှိနေပါတယ်။

ရာမို့စ်ဟာ ကာလရှည် ဒဏ်ရာပြဿနာကို ခံစားနေရပေမယ့် အသင်းတွင်း အခြားကစားသမားတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးတည်ဆောက်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မက်ဆီနဲ့ရာမို့စ်အကြား ဆက်ဆံရေးက သာမန်အဆင့်ပဲရှိပြီး အယ်လ်ကလက်စီကိုမှာ အကြိမ်ကြိမ်ထိပ်တိုက်တွေ့ခဲ့ဖူးတာကို နှစ်ယောက်လုံး သင်ပုန်းချေနိုင်ဖို့ မဖြစ်သေးဘူးလို့ ဖော်ပြခဲ့တာပါ။

ဒါ့အပြင် အသင်းတွင်းမှာ တောင်အမေရိက,ကစားသမား အင်အားကောင်းမွန်မှုက စပိန်သား ရာမို့စ်အတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာနိုင်ပြီး ဒီအပေါ်မှာတော့ PSG တို့ ဘယ်လိုဖြေရှင်းနိုင်မလဲ၊ ကစားသမားနှစ်ယောက်ကရော ဘယ်လိုစီစဥ်သွားမလဲ စောင့်ကြည့်ရပါလိမ့်မယ်။ 

Share

Loading Next Article...
က္က