ဒီနေ့ကစားရမယ့် မန်ချက်စတာဒါဘီပွဲအတွက် အသင်းတည်းခိုရာဟိုတယ်ကို ရောက်ရှိလာတဲ့ ယူနိုက်တက်လူစာရင်းမှာ ဝါရင့်တိုက်စစ်မှူးကြီးတွေဖြစ်တဲ့ ရော်နယ်ဒိုနဲ့ ကာဗာနီတို့ မပါဝင်ခဲ့ဘူးလို့သိရပါတယ်။ ဒါဟာ ချန်လှပ်ခံခဲ့ရတာလား၊ နောက်မှလာပူးပေါင်းမှာလားဆိုတာကို ရှင်းရှင်းလင်းလင်းမသိရသေးတာဖြစ်ပြီး ယူနိုက်တက်တိုက်စစ်မှာ ကစားသမား ၃ ဦးတည်းသာ ပါဝင်လာလို့ ပရိသတ်တွေ စိုးရိမ်စရာဖြစ်လာခဲ့ရပါတယ်။
ဒီပွဲကို ကာဗာနီက ကစားနိုင်မယ်လို့ နည်းပြရန်းဂ်နစ်ခ်က ပြောဆိုထားလဲ့ပေမယ့် မပါဝင်ခဲ့သလို လေ့ကျင့်ရေးကွင်းမှာ မြင်တွေ့ခဲ့ရတဲ့ ရော်နယ်ဒိုလည်း ပျောက်ကွယ်နေတာဖြစ်ပါတယ်။ ဆန်ချို၊ ရက်ရှ်ဖို့ဒ်နဲ့ အီလန်ဂါတို့ ၃ ဦးတည်းသာ တိုက်စစ်ကစားသမားတွေအဖြစ်ရှိနေပြီး ဒါက မန်စီးတီးကို ရင်ဆိုင်ဖို့အတွက် လုံလောက်နေပြီလားဆိုတာက စဉ်းစားစရာပါပဲ။
ရော်နယ်ဒိုကတော့ လက်ရှိမှာ ဂိုးရဖို့ရုန်းကန်နေရတဲ့ ကစားသမားဖြစ်ပြီး အသင်းဖော်တွေဆီက ဒီထက်ပိုမိုတဲ့ ထောက်ပံ့ပေးမှုတွေ ရရှိဖို့ လိုအပ်နေတာဖြစ်ပါတယ်။ ကာဗာနီကတော့ ဒဏ်ရာကြောင့် နားလိုက်၊ကစားလိုက်ဖြစ်နေရပြီး ရက်ရှ်ဖို့ဒ်ကလည်း ပုံမှန်ခြေစွမ်းပျောက်ဆုံးနေကာ အီလန်ဂါတဦးတည်း ပုံမှန်ခြေစွမ်းမျိုးကို ယူနိုက်တက်အတွက် ပြသနေတာဖြစ်ပါတယ်။ တဖက်မှာတော့ ဒါဘီပြိုင်ဘက်လည်းဖြစ်၊ အမှတ်ပေးဇယားဦးဆောင်သူလည်းဖြစ်တဲ့ မန်စီးတီးကို အဝေးကွင်းမှာ ရင်ဆိုင်ရမှာမို့ ယူနိုက်တက်အတွက် ခက်ခဲနေမှာ သေချာပါတယ်။
ဒါပေမယ့် ယူနိုက်တက်ဟာ မန်စီးတီးကွင်းမှာ ကစားခဲ့တဲ့ ပြိုင်ပွဲစုံနောက်ဆုံး ၃ ပွဲကို အနိုင်ရရှိထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီတွေမှာ သူတ်ု့နှစ်သင်းက အဝေးကွင်းပွဲတွေ ကိုယ်စီအနိုင်ရရှိခဲ့ကြပြီး ဒီရာသီမှာလည်း အဲဒီလိုပုံစံမျိုးဖြစ်လာမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ ရနါးဂ်နစ်ခ်နဲ့ ဂွာဒီယိုလာတို့ကတော့ သတင်းစာရှင်းလင်းပွဲမှာ အပြန်အလှန်ချီးကျူးပြောဆိုထားကြပါတယ်။