အီဂျစ်ကလပ် မော်ဒန်ဖျူးချားရဲ့ နည်းပြ ဖော်မိုစင်ဟိုဟာ သူ့ရဲ့ ဆရာဟောင်းဖြစ်သူ မော်ရင်ဟို ဖုန်းခေါ်ဆိုလာခဲ့တာကြောင့် သတင်းစာရှင်းလင်းပွဲကို ခေတ္တရပ်ပြီး ဖုန်းပြောခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါ အသင်းဟာ အီဂျစ်လိဂ်ဖလား ဆီမီးဖိုင်နယ်မှာ ပြိုင်ဘက်ပိရမစ်ကို ၁၄-၁၃ ဂိုးနဲ့ ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရရှိခဲ့ပါတယ်။
ဖော်မိုစင်ဟိုဟာ မော်ရင်ဟိုနဲ့အတူ စပါးကို တာဝန်ယူကိုင်တွယ်ခဲ့ဖူးပြီး အဲ့ဒီအချိန်တုန်းက မော်ရင်ဟိုရဲ့ လက်ထောက်အဖြစ် ရှိခဲ့တာပါ။ ဒါ့အပြင် သူဟာ ယူနိုက်တက်မှာလည်း မော်ရင်ဟိုနဲ့ လက်တွဲခဲ့ပြီး (၂၀၂၀) ခုနှစ်၊ သြဂုတ်မှာတော့ နည်းပြချုပ်အဖြစ် ဆောင်ရွက်ဖို့ မော်ရင်ဟိုနဲ့ လမ်းခွဲခဲ့ပါတယ်။
ပိရမစ်ကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဖော်မိုစင်ဟိုက မော်ရင်ဟိုဆီက ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ ဖော်မိုစင်ဟိုက “ဆောရီးပါဗျာ။ ဒါပေမယ့် ကျွန်တော် ဖုန်းကိုင်မှရမယ်ဗျ။ ခေါ်နေတဲ့လူက မော်ရင်ဟိုပါ။ ဆောရီးပါ” လို့ ပြောကြားပြီး ဖုန်းလက်ခံဖြေကြားခဲ့ပါတယ်။
မော်ရင်ဟိုဟာ သူ့ရဲ့လက်ထောက်ဟောင်းကို ဂုဏ်ပြုစကားပြောကြားဖို့ ဖုန်းခေါ်ဆိုခဲ့တာပါ။ ဖုန်းထဲမှာ ဖော်မိုစင်ဟိုက “ဘော့စ်ရေ။ ကျွန်တော်တို့ လုပ်နိုင်ခဲ့ပြီ။ အခု ဒီမှာ ဘာအသံမှ မကြားရဘူး။ ကျွန်တော် ခဏနေ အခန်းထဲက ထွက်ပြီးတဲ့အခါ ဖုန်းပြန်ခေါ်လိုက်မယ်” လို့ မီဒီယာတွေရှေ့မှာတင် ပြောကြားခဲ့ပါတယ်။
မော်ရင်ဟိုဟာ ဘောလုံးလောကမှာ လူမုန်းများတဲ့ နည်းပြတစ်ယောက်အဖြစ် ကျော်ကြားခဲ့ပေမယ့်လည်း သူ့ရဲ့ လက်ထောက်ဟောင်းတွေ၊ ပြိုင်ဘက်နည်းပြအချို့တွေ၊ ကစားသမားဟောင်းတွေ၊ လက်ရှိကစားသမားတွေကတော့ မော်ရင်ဟိုကို အထူးတလည် လေးစားမှုရှိနေတာကိုတော့ မြင်တွေ့နေရဆဲဖြစ်ပါတယ်။