အေဘရာဟမ်ရဲ့ လုပ်ရပ်ကို ပရိသတ်တွေ သဘောကျနေတာပါ။

မနေ့ညက ကစားခဲ့တဲ့ ရိုးမားနဲ့ဖီယင်နုတို့ရဲ့ ယူရိုပါကွန်ဖရင့်လိဂ်ဗိုလ်လုပွဲမှာ ရိုးမားက ဇာနီအိုလိုရဲ့တလုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ရိုးမားဟာ ဒီနှစ်မှစတင်ကျင်းပတဲ့ ပြိုင်ပွဲရဲ့ ပထမဆုံးသော ချန်ပီယံအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါပြီ။



ပြီးခဲ့တဲ့နွေရာသီကမှ ချဲလ်ဆီးကနေ ရိုးမားကို ရောက်ရှိလာခဲ့တဲ့ အေဘရာဟမ်အတွက်လည်း အသင်းသစ်နဲ့ ပထမဆုံးရာသီမှာတင် ဥရောပအောင်မြင်မှုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ အေဘရာဟမ်ဟာ ယူရိုပါကွန်ဖရင့်လိဂ်မှာ (၉) ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ရိုးမားရဲ့အောင်ပွဲလမ်းကြောင်းအတွက် အရေးပါ အရာရောက်ခဲ့ပါတယ်။

ဒါ့အပြင် ဖီယင်နုနဲ့ဗိုလ်လုပွဲမှာ အေဘရာဟမ်လုပ်ပြသွားခဲ့တဲ့ အကွက်တကွက်ကလည်း ပရိသတ်တွေအတွက် ပြောစရာဖြစ်လို့နေခဲ့ပါတယ်။ အေဘရာဟမ်ဟာ ရိုးမားက ဦးဆောင်ထားချိန် ပွဲပြီးခါနီး (၁၀) မိနစ်ဝန်းကျင်အလိုမှာ ပြစ်ဒဏ်ဘောကျူးလွန်ခံရတာကြောင့် လဲကျသွားခဲ့ပါတယ်။

ဒီလိုမျိုး လူချကစားခံရတာက အရမ်းကြီး ပြင်းပြင်းထန်ထန် မဟုတ်ပေမယ့် အေဘရာဟမ်တယောက် မြက်ခင်းပြင်ပေါ်မှာ လူးလှိမ့်နေခဲ့ပါတယ်။ ဗိုလ်လုပွဲလို အရေးကြီးပွဲစဥ်တွေမှာ အနိုင်ရနေတဲ့အသင်းက ကစားသမားတယောက် ဒါမျိုးလုပ်တာက ထုံးစံတခုလို ပြောရမှာပါပဲ။ ဒါ့အပြင် အေဘရာဟမ်က သူ့ရဲ့ခြေကျင်းဝတ်ကို ကိုင်ထားပြီး လှဲချနေရင်း ရိုးမားအရံခုံတန်းက မျက်စိတဖတ်မှိတ်ပြပြီး လှမ်းကြည့်နေခဲ့ပါတယ်။



ပရိသတ်တွေကတော့ အေဘရာဟမ်ရဲ့လုပ်ရပ်ကို မော်ရင်ဟိုဆီက စီးဆင်းလာတယ်လို့ ယူဆနေကြပြီး အမျိုးမျိုး မှတ်ချက်ပေးနေကြပါတယ်။ ပရိသတ်တွေက “ဒါက မော်ရင်ဟိုဆီက သင်ယူလာတဲ့ ဘောလုံးလောကရဲ့ အမှောင်ပညာရပ်တခုပါ” “အေဘရာဟမ်က မော်ရင်ဟိုရဲ့ စိတ်ကြိုက်တိုက်စစ်မှူးတယောက်ပါ။ သူ့ရဲ့အကြည့်တချက်က တကယ်ကို အံ့အားသင့်စရာပါ”

“အေဘရာဟမ်ရေ... ငါတို့ မင်းအဲ့ဒီလိုကြည့်လိုက်တာကို မြင်ပါတယ်” လို့ အမျိုးမျိုး မှတ်ချက်ပေးခဲ့ကြတာဖြစ်ပါတယ်။ အေဘရာဟမ်လိုမျိုး အပြုအမူကို လိုင်ယွန်နဲ့ဝက်စ်ဟမ်းတို့ရဲ့ ယူရိုပါလိဂ်ပွဲ၊ ဝက်စ်ဟမ်းနောက်ခံလူ ခရက်စ်ဝဲလ်အထုတ်ခံရတုန်းကလည်း လိုင်ယွန်တိုက်စစ်မှူး မူဆာဒမ်ဘီလီက ပြုလုပ်ခဲ့ပါသေးတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က