ပီအက်စ်ဂျီပရိသတ်တွေဟာ ခီလီယန် အမ်ဘာပေ မပါဝင်ခဲ့တဲ့ ပြင်သစ်ဖလား ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာ မာဆေးလ်အသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် မက်ဆီ၊ နေမာတို့နဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်ခဲ့ကြပါတယ်။
နေမာက ပထမပိုင်း နာကျင်အချိန်ပိုမှာ ဆာဂျီယို ရာမို့စ်ရဲ့ ချေပဂိုးကို ထောင့်ကန်ဘောကနေတဆင့် ဖန်တီးပေးပို့ခဲ့တာဖြစ်ပြီး ၃၁ မိနစ်မှာ သွင်းယူခဲ့တဲ့ အလက်ဆစ် ဆန်းချက်ဇ်ရဲ့ ပင်နယ်တီ ဦးဆောင်ဂိုးကို ချေပနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မာဆေးလ်ရဲ့ ဇန်နဝါရီကစားသမားခေါ်ယူမှုဖြစ်တဲ့ ရူစလန် မာလင်နော့ဗ်စကီးက ဒုတိယပိုင်းပြန်လည်စတင်ပြီး ၁၂ မိနစ်အကြာမှာ သွင်းယူခဲ့တဲ့ သွင်းဂိုးက အနိုင်အရှုံးကို ရှင်းလင်းသွားစေခဲ့တာ ဖြစ်ပါတယ်။
ပီအကစ်ဂျီအသင်းဟာ ခီလီယန် အမ်ဘာပေ မပါဝင်နိုင်မှုကြောင့် ကစားကွက်ကနေ အန္တရာယ်ရှိတဲ့ ခြိမ်းခြောက်မှုမျိုး ဖန်တီးနိုင်ခြင်းမရှိဘဲ မာဆေးလ်အသင်းက ဂိုးပေါက် ၈ ကြိမ် ကန်သွင်းနိုင်ခဲ့ချိန်မှာ ပီအက်စ်ဂျီက ၃ ကြိမ်သာ ကန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဟာ မောင့်ပယ်လီယေးနဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် လက်ရှိမှာ အနားယူနေရတာဖြစ်ပေမယ့်လည်း နေမာနဲ့ မက်ဆီတို့က အသင်းကို ဦးဆောင်နိုင်လိမ့်မယ်လို့ ပရိသတ်တွေက မျှော်လင့်ခဲ့ကြတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း နေမာနဲ့ မက်ဆီတို့ ၂ ဦးစလုံးဟာ တိုက်စစ်မှာ အကျိုးသက်ရောက်မှု မရှိခဲ့ဘဲ နှစ်ဦးစလုံး ကိုယ်တိုင် ဂိုးပေါက်ကန်သွင်းမှု မပြုလုပ်နိုင်ခဲ့ပေမယ့်လည်း အသင်းဖော်တွေအတွက် အခွင့်အရေး ဖန်တီးမှု ၅ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ပရိသတ်တွေဟာ ခီလီယန် အမ်ဘာပေ မပါဝင်နိုင်ချိန်မှာ ပီအက်စ်ဂျီတိုက်စစ်မှူး ၂ ဦးရဲ့ တိုက်စစ်ကို ဦးဆောင်နိုင်စွမ်းကို မေးခွန်းထုတ်ခဲ့ကြပေမယ့်လည်း ပြင်သစ်တိုက်စစ်မှူးကိုယ်တိုင်ကလည်း နောက်ဆုံး လီဂူးဝမ်း ၄ ပွဲမှာ သွင်းဂိုးရော ဂိုးဖန်တီးမှုပါ မပြုလုပ်နိုင်ဘဲ ပုံမှန်ခြေစွမ်း ပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။
မာဆေးလ်အသင်းက ပြင်သစ်ဖလား ၁၄ ကြိမ် ချန်ပီယံတွေကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ ပရိသတ်တွေက ၎င်းတို့ရဲ့ မကျေနပ်ချက်တွေကို လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ကြတာ ဖြစ်ပါတယ်။ "ပီအက်စ်ဂျီကတော့ ဘိုင်ယန် ကောင်းကောင်းဖုတ်တာ ခံရတော့မယ်"လို့ ပရိသတ်တစ်ဦးက ပြောဆိုခဲ့ပြီး "ဘာကြောင့် မက်ဆီနဲ့ နေမာတို့ကို ရောင်းပြီး အမ်ဘာပေကိုပဲ အဓိကထားပြီး အသင်းကို တည်ဆောက်လို့မရနိုင်တာလဲ"လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။