ကိုရီးယားအစားအစာနှစ်သက်သူတွေအကြိုက်တွေ့စေမယ့် မြောက်ဒဂုံက Koren Foodဆိုင်လေးတစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဆိုင်လေးကတော့ ကိုရီးယားအစားအစာတွေကို Street Food ပုံစံမျိုးနဲ့ ရောင်းနေတဲ့ဆိုင်လေးဖြစ်ပါတယ်။
အမျိုးသားသူနာပြုရောင်းတဲ့ ကိုးရီးယားအစားအစာဆိုင်လေး
အိမ်နီးချင်းဆိုတဲ့ နှစ်လိုဖွယ်ကောင်းတဲ့ဆိုင်နာမည်လေးနဲ့ မြောက်ဒဂုံထဲက ကိုရီးယားအစားအစာ Street Food ဆိုင်လေးပါ။ ဆိုင်သက်တမ်း၃နှစ်နီးပါးရှိတဲ့ ဒီဆိုင်လေးကို ဦးစီးလုပ်ကိုင်နေတာကတော့ အသက်(၃၀)အရွယ် အမျိုးသားသူနာပြုတစ်ဦးဖြစ်ပါတယ်။ကိုဗစ်ကာလမှာ တတ်ကျွမ်းတဲ့သူနာပြုပညာနဲ့ စေတနာဝန်ထမ်းတစ်ဦး အဖြစ်လုပ်ကိုင်ခဲ့တဲ့ ကိုအောင်သန်းဦးဟာ အခုချိန်မှာတော့ ဝါသနာပါတဲ့အစားအစာ ရောင်းချတဲ့ အလုပ်ကိုလုပ်ကိုင် နေတာပါ။ ဝါသနာတူညီအစ်ကိုလို ရင်းနှီးတဲ့ဆရာဝန်အစ်ကိုနဲ့အတူ နှစ်ယောက်ရဲ့ စိတ်ကူးအကြံဉာဏ်တွေပေါင်းစပ်ပြီး ဒီဆိုင်လေးဖွင့်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
“ ကျွန်တော်က အရင်ထဲကဟင်းချက်ဝါသနာပါတယ်။ ဆေးရုံတွေမှာလုပ်တုန်းကဆို ဂျူတီကြတဲ့နေ့ဆို အမြဲပိုချက်ပြီး လုပ်ဖော်ကိုင်ဖက်တွေကိုကျွေးဖြစ်တယ်။ မြန်မာအစားအစာဆိုမုန့်ဟင်းခါးကအစ သေချာ ချက်တတ်ပါတယ်။ ဒီဆိုင်လေးဖွင့်ဖို့အိုင်ဒီယာက ညီအစ်ကိုလိုရင်းနှီးတဲ့ဆရာဝန်အစ်ကိုနဲ့ စကားပြောဖြစ်ကြရင်း ကနေစခဲ့တာပါ။ကိုရီးယားအစားစာရောင်းတဲ့ဆိုင်လေးဖွင့်မယ်။ အရင်းအနှီးလည်းအများကြီးမတတ်နိုင်တော့ Street Foodဆိုင်မျိုးလေးပဲစမယ်ဆိုပြီး နှစ်ယောက်တိုင်ပင်ပြီး စဖြစ်ခဲ့တာပါ”လို့ ကိုအောင်သန်းဦးကပြောပါတယ်။
ဆိုင်ဖွင့်နိုင်ဖို့ YouTubeကနေသင်ယူလေ့လာခဲ့
ဆိုင်မှာရောင်းချမယ့် ကိုရီးယားအစားစာတွေနဲ့ ပတ်သက်တဲ့ ချက်ပြုတ်နည်းနဲ့အသုံးပြုတဲ့ ပါ၀င်ပစ္စည်းတွေ ကိုတော့ YouTubeကနေလေ့လာခဲ့တာပါ။ကိုရီးယားအစားစာတွေမှာ အသုံးပြုတဲ့ ငရုပ်သီးအနှစ်ကအစ ကင်ချီအဆုံးအားလုံးနီးပါးကိုYouTubeကနေလေ့လာသင်ယူခဲ့တာလို့ဆိုပါတယ်။။လေ့လာလိုက် အိမ်မှာစမ်းသပ်ချက်ပြုတ်လိုက်နဲ့ ၉လနီးပါးကြာမှ လိုချင်တဲ့အရသာရရှိပြီး ဆိုင်လေးစတင်ဖွင့်လှစ်နိုင်ခဲ့တာပါ။
“ကိုရီးယားအစားအစာရောင်းမယ်ဆိုတော့ အဓိကကတော့ YouTubeကနေပဲလေ့လာခဲ့တယ်။ အဲ့အချိန်က ကိုဗစ်ကာလဆိုတော့ သင်တန်းတွေတတ်ဖို့လည်း အဆင်မပြေတော့ YouTubeကိုပဲအားကိုးခဲ့ရတယ်။ လေ့လာလိုက်အိမ်မှာစမ်းပြီးချက်လိုက်နဲ့ ၉လနီးပါးလောက်ကြာမှ ဆိုင်ဖွင့်နိုင်ခဲ့တာပါ။ဆိုင်မှာသုံးတဲ့ ကင်ချီကစပြီး အားလုံးနီးပါး ကိုယ်တိုင်ပဲလုပ်တာ Readymade တွေမသုံးဘူး” လို့ ကိုအောင်သန်းဦးက ပြောပါတယ်။
စျေးစရောင်းချိန်ခံစားချက်က
ကိုယ်တိုင်ကကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်သလို မိသားစုကလည်းဝန်ထမ်းအသိုင်းအဝိုင်းသာဖြစ်တာကြောင့် စျေးရောင်းရတဲ့ကိုယ်ပိုင်အလုပ်ဟာ အစိမ်းသက်သက်လုပ်ငန်းခွင်တစ်ခုလို့ ကိုအောင်သန်းဦးကဆိုပါတယ်။ စျေးစရောင်းချိန်က ရှက်စိတ်အနည်းငယ်ဖြစ်ခဲ့ပေမယ့်လည်း စာသုံးသူတွေရဲ့ မှတ်ချက်ကောင်းတွေကြား ရချိန်မှာတော့ ပီတိနဲ့ပိုကြိုးစားချင်စိတ်တွေဖြစ်ပြီး ဒီလုပ်ငန်းခွင်မှာပျော်ရွှင်လာတယ်လို့ ကိုအောင်သန်းဦးက ပြောပါတယ်။
“စျေးရောင်းတဲ့စီးပွားရေးအလုပ်ဆိုတာက ကျွန်တော်နဲ့အစိမ်းသက်သက်ပဲ ဝါသနာပါလို့သာစခဲ့တာ ဆိုင်ဖွင့်စ ကဆို ငုတ်တုတ်ထိုင်ခဲ့ရတဲ့အချိန်တွေလည်းရှိတယ်။စျေးတခါမှမရောင်းဖူးတော့စရောင်းတဲ့အချိန်မှာ ရှက်တယ်။ ဒါပေမယ့်လည်း ဒီဆိုင်လေးကိုစတည်ထောင်ခဲ့ပြီးပြီ ရေရှည်ရပ်တည်နိုင်အောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ ပဲကြိုးစားခဲ့ တာပါ။အစားအသောက်နဲ့ပတ်သက်တဲ့ စက်ရုံတွေဘာတွေ လုပ်နိုင်ဖို့အထိ စိတ်ကူးထားတယ်”လို့ ကိုအောင်သန်းဦးက ပြောပါတယ်။
တစ်ရက်သုံးသိန်းဖိုးရောင်းရတဲ့ ကိုရီးယားStreet Foodဆိုင်လေး
ဆိုင်ဖွင့်စက ကိုရီယားအစားအစာအမယ် နှစ်မျိုးလောက်သာရောင်းချတဲ့ဆိုင်လေးကနေ လက်ရှိမှာတော့ ကိုရီးယားအစားစာ အမယ်အသစ်တွေအပြင် မာလာရှမ်းကော၊မာလာမောက်ချိုက်၊မာလာအကင်သုပ်လို အမယ်သစ်တွေနဲ့ အရသာအစုံရရှိနိုင်တဲ့ဆိုင်လေးဖြစ်လာပါတယ်။ဆိုင်ဖွင့်စက တစ်ရက်တစ်သိန်းဖိုးလောက်ပဲ ရောင်းချခဲ့ရတာကနေ လက်ရှိမှာတော့ တစ်ရက်ကို သုံးသိန်းဖိုးလောက်ပုံမှန်ရောင်းအားရှိတဲ့ Street Foodဆိုင်လေးအဖြစ်ရပ်တည်နေပါတယ်။
ဒီဆိုင်လေးမှာရွေးချယ်နိုင်မယ့်အမယ်တွေကတော့
ဒီဆိုင်လေးမှာရနိုင်တဲ့အမယ်တွေထဲက ကိုရီးယားထမင်းသုပ်ကတော့ ကိုရီးယားအစားစာနှစ်သက်သူတွေ အကြိုက်တွေ့စေမယ့်အရသာပါ။ဒါ့အပြင် ကြက်ဆလက်နဲ့ဝက်ဆလက်ကို ကိုရီးယားစတိုင်နှမ်းရွက်နဲ့လည်း စားသုံးနိုင်မှာဖြစ်ပါတယ်။ရနိုင်သေးတဲ့တခြားအမယ်တွေကတော့ ငါးအသားချောင်း၊ရေညှိထမင်းလိပ် ဂဏန်းချောင်း၊တူနာ၊ ဝက်ဆလပ်၊ကြက်ဆလပ်၊ ကင်ချီဟင်းရည်တို့ ဖြစ်ပါတယ်။ ဒါ့အပြင်မာလာအကင်သုပ်၊ မာလာရှမ်းကော၊မာလာမောက်ချိုက်တို့လည်းရနိုင်ပါတယ်။ စျေးနှုန်းကတော့ ၂၀၀၀ကျပ်ကနေ ၈၅၀၀ကျပ်အတွင်းဖြစ်ပါတယ်။
အိမ်နီးချင်းကိုးရီးယားဆိုင်လေးစားချင်သူများအတွက်
ကိုရီးယားအစားစာချစ်သူတွေအတွက် အိမ်နီးချင်းဆိုင်နေရာလမ်းညွှန်လေးကတော့ အမှတ် ၇၆ တပင်ရွှေထီးလမ်း၊ ၃၇ ရပ်ကွက် မြောက်ဒဂုံ ၊ ကုန်ပဒေသာလမ်းဆုံ၊ ဇီဝသိဒ္ဓိ ဆေးခန်း နှင့် ဦးချစ်ဒေါ်မိုးကုန်စုံဆိုင်ရှေ့ ဖြစ်ပြီး ဆိုင်ဖွင့်ချိန်ကတော့ နေ့ခင်း၁၂နာရီကနေ ည၈နာရီအထိဖြစ်ပါတယ်။
Share