ယူနိုက်တက်ကွင်းလယ်လူ အဲရစ်ဆင်က ကွင်းအတွင်း သတိလစ် လဲကျခဲ့တဲ့ လူတန် အသင်းခေါင်းဆောင် လော့ခ်ယာအနေနဲ့ ဆရာဝန်ရဲ့ ပြောစကားကို လေးစားဖို့ လိုအပ်ကြောင်း တိုက်တွန်းလိုက်ပါတယ်။ အဲရစ်ဆင်ကလည်း ကွင်းအတွင်းမှာ နှလုံးရပ်သွားခဲ့ဖူးတဲ့ ကစားသမားပါ။
လော့ခ်ယာဟာ ပြီးခဲ့တဲ့ စနေနေ့ညက ကစားခဲ့တဲ့ ဘုန်းမောက်နဲ့ပွဲ ဒုတိယပိုင်း အစောပိုင်းမှာ နှလုံးရောဂါကြောင့် ကွင်းအတွင်း သတိလစ် လဲကျသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ပွဲကို ရပ်ဆိုင်းလိုက်ရပြီး ပွဲရပ်ဆိုင်းချိန်မှာ တစ်ဖက်တစ်ဂိုးစီ သရေကျနေပါတယ်။
လော့ခ်ယာကို နှစ်ဖက်အသင်းရဲ့ ဆေးအဖွဲ့တွေက အလျင်အမြန် ပြုစုကုသခဲ့ရပြီး ဆေးရုံကို တင်ပို့ခဲ့ရပါတယ်။ လက်ရှိမှာတော့ လော့ခ်ယာရဲ့ ကျန်းမာရေး အခြေအနေက တည်ငြိမ်နေပြီဖြစ်ကြောင်း လူတန်တောင်းဘက်က အတည်ပြုထားပါတယ်။
လော့ခ်ယာဟာ ပြီးခဲ့တဲ့မေလအတွင်း ကစားခဲ့တဲ့ ပလေးအော့ဖ်ဗိုလ်လုပွဲမှာလည်း အလားတူဖြစ်ရပ်မျိုးနဲ့ ရင်ဆိုင်ခဲ့ရဖူးပါတယ်။ အဲရစ်ဆင်ကတော့ “အရင်ဆုံး ကျွန်တော်တို့ လော့ခ်ယာ ကျန်းမာရေးကောင်းဖို့ကို မျှော်လင့်ပါတယ်။ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုလည်း ကျွန်တော် ဖတ်ခဲ့၊ ကြားခဲ့ရပြီးပါပြီ”
“သူအဆင်ပြေဖို့၊ အနားယူချိန်ရဖို့ မျှော်လင့်ပြီး သူ့မိသားစုကလည်း ဘေးကနေ အားပေးနေပါတယ်။ ပေးနိုင်တဲ့အကြံကတော့ သူ့အနေနဲ့ တတ်နိုင်သလောက် အကောင်းဆုံး ဆုံးဖြတ်ချက်ကို ချမှတ်ဖို့ပါပဲ။ ဆရာဝန်က တစ်ခုခုပြောတယ်ဆိုရင် ခင်ဗျား ဒီအပေါ်မှာ လေးစားလိုက်နာရပါမယ်။ ဆုံးဖြတ်ချက်ကိုလည်း သူ့ရဲ့မိသားစုဝင်တွေနဲ့အတူ ချမှတ်ရပါမယ်” လို့ ပြောကြားသွားခဲ့ပါတယ်။