ယူနိုက်တက် တာဝန်ရှိသူတွေဟာ အသင်းရဲ့လက်ရှိယာယီနည်းပြ ရန်းနစ်ဂ်ရဲ့ အနေအထားတွေကို သဘောကျနေပြီး နည်းပြသစ်ရှာဖွေရေးကိစ္စရပ်တွေကို ခေတ္တရပ်နားထားတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ရန်းနစ်ဂ်ဟာ ယာယီနည်းပြအဖြစ် ယူနိုက်တက်ကို (၆) လခွဲကြာ ကိုင်တွယ်ဖို့ စာချုပ်ချုပ်ဆိုထားပါတယ်။
အဲ့ဒီနောက်မှာတော့ ရန်းနစ်ဂ်အနေနဲ့ အသင်းရဲ့ အတိုင်ပင်ခံရာထူးနဲ့ နောက်ထပ် (၂) နှစ် ဆက်လက်တာဝန်ယူသွားမှာဖြစ်ပါတယ်။ လက်ရှိ ရန်းနစ်ဂ်လက်ထက် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် (၈) ပွဲ ကစားပြီးချိန်မှာ (၅) ပွဲ အနိုင်ရရှိထားပြီး တပွဲသာ ရှုံးနိမ့်ထားကာ FA ဖလားမှာလည်း နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
လက်ရှိ ယူနိုက်တက် အကြီးအကဲတွေဟာ ရန်းနစ်ဂ်တာဝန်ယူနေတဲ့ ကာလတိုအတွင်းမှာ ဘယ်လိုအောင်မြင်မှုတွေရယူနိုင်မလဲဆိုတာကို စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။ ယူနိုက်တက်အနေနဲ့ ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရုံနဲ့ ရန်းနစ်ဂ်ကို နောက်ထပ်နှစ်နှစ် အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်သွားဖွယ်ရှိတယ်လို့လည်း သိရှိရပါတယ်။
အသက် (၆၃) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရန်းနစ်ဂ်ဟာ သူရောက်မလာခင်တည်းကရှိနေတဲ့ အသင်းတွင်းပြဿနာတွေကို အကောင်းဆုံး ထိန်းကျောင်းကိုင်တွယ်နေတယ်လို့ ယုံကြည်ရပြီး အထူးသဖြင့် ရော်နယ်ဒိုနဲ့ပတ်သက်လို့ ကောင်းကောင်းကိုင်တွယ်နေတာက အထင်ကြီးလေးစားစရာဖြစ်နေပါတယ်။
သူ့လက်ထက် အသင်းလိုက်ကစားပုံက တိုးတက်လာသယောင်ရှိပေမယ့် သိသိသာသာ တိုးတက်လာတာမျိုးမရှိဘဲ အချိန်တခုပေးရဦးမယ်လို့ ယုံကြည်နေသူတွေလည်းရှိပါတယ်။ ရန်းနစ်ဂ်ဟာ အသင်းကိုနည်းပြအဖြစ် ဆက်လက်မကိုင်တွယ်ဖြစ်တောင် နည်းပြသစ်အတွက် လက်ရှိအမှုဆောင်အရာရှိချုုပ် ရစ်ချက်အာနိုးလ်နဲ့ အတူသုံးသပ်ခန့်အပ်သွားမှာဖြစ်ပါတယ်။
ယူနိုက်တက်ရဲ့ နည်းပြသစ်နေရာအတွက် ဆန်ခါတင်နည်းပြ လေးယောက် စာရင်းထွက်ပေါ်ထားပြီး သူတို့တွေကတော့ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနို၊ အေဂျက်စ်နည်းပြ အဲရစ်တန်ဟက်ခ်၊ ဆီဗီလာနည်းပြ လိုပက်တယ်ဟီနဲ့ စပိန်လက်ရွေးစင်နည်းပြ လူးဝစ်အင်းနရစ်တို့ပဲဖြစ်ပါတယ်။