ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှ မဲလ်ဘုန်းမြို့ကို ခုတ်မောင်းသွားတဲ့ အမြန်ရထားတစ်စီး ဗစ်တိုးရီးယားပြည်နယ် ဝေါလန်မြို့အနီး လမ်းချော်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူနှစ်ဦး သေဆုံးခဲ့ပါတယ်။
ရထားပေါ်မှာ လူ ၁၆၀ ဝန်းကျင် လိုက်ပါလာခဲ့ပါတယ်
(Photo: Dr Rickard Scott/Twitter)
ယမန်နေ့ (ဖေဖေါ်ဝါရီ ၂၀ ရက်) ဒေသစံတော်ချိန် ည ၇ နာရီ ၄၅ မိနစ်ခန့်က ဖြစ်ပွားခဲ့တဲ့ ရထားလမ်းချော်မှုအတွင်း အခြား ခရီးသည်များ ဒဏ်ရာရခဲ့ပြီး ကုသပေးခဲ့ကြောင်း အရေးပေါ်ဌာနက ပြောပါတယ်။ ဒဏ်ရာရသူတွေအနက် တစ်ဦးကိုတော့ မဲလ်ဘုန်းမြို့ရှိ ဆေးရုံတစ်ရုံသို့ ပို့ဆောင်ခဲ့ရပါတယ်။
ဗစ်တိုးရီးယားပြည်နယ်မြို့တော် မဲလ်ဘုန်းမြို့မြောက်ဘက် ၃၁ မိုင်ခန့်အကွာရှိ ဝေါလန်မြို့အနီး လမ်းချော်မှုဖြစ်ခဲ့တဲ့ ရထားပေါ်မှာ လူ ၁၆၀ ဝန်းကျင် လိုက်ပါလာခဲ့ကြောင်း NSW TrainLink South ရထားပို့ဆောင်ရေးကုမ္ပဏီက ထုတ်ပြန်ပါတယ်။
ရထားတွဲလေးတွဲထက်မနည်း လမ်းချော်သွားခဲ့ပါတယ်
(Photo: Dr Rickard Scott/Twitter)
ရထားတွဲလေးတွဲထက်မနည်း လမ်းချော်သွားခဲ့ကြောင်း ဗစ်တိုးရီးယားပြည်နယ် မီးသတ်ဌာန Country Fire Authority (CFA) မှ Keith Pakenham က CNN သတင်းဌာနကို ပြောပါတယ်။ ရထားလမ်းချော်မှု ဖြစ်ပွားပြီးနောက် ရထားတွဲပေါ်မှ လူများကိုရွှေ့ပြောင်းမှုနဲ့ ကယ်ဆယ်ရေးလုပ်ငန်းများ ဒေသစံတော်ချိန် ည ၉ နာရီမှာ ပြီးဆုံးခဲ့တယ်လို့ CFA က ဆိုပါတယ်။ ဆိုရှယ်မီဒီယာမှာတွေ့ရတဲ့ ဓာတ်ပုံ၊ ဗီဒီယိုများအရ ရထားတွဲများ သံလမ်းဘေးမှာလဲနေတာ တွေ့ရပါတယ်။
(Photo: Daily Mail via Facebook)
လမ်းချော်မှုဖြစ်ခဲ့တဲ့ ရထားဟာ ယမန်နေ့ ဒေသစံတော်ချိန် မနက် ၇ နာရီ ၄၀ မိနစ်မှာ ဆစ်ဒနီမြို့ ဘူတာကြီးမှ စတင်ထွက်ခွာလာခဲ့ပြီး ခရီးစဥ်သတ်မှတ်ချိန်အရ မဲလ်ဘုန်းမြို့ရှိ Southern Cross ဘူတာကို ထိုနေ့ ညနေ ၆ နာရီ ၃၀ မိနစ်မှာ ဆိုက်ရောက်ရမှာဖြစ်ပေမဲ့ လမ်းချော်မှုဖြစ်ပွားစဥ်အချိန်က ပုံမှန်ထက် နောက်ကျနေခဲ့ပြီးလည်း ဖြစ်ပါတယ်။ ရထားလမ်းချော်မှုကြောင့် မဲလ်ဘုန်းမြို့ အဝင်အထွက် ရထားခရီးစဥ်များကို ဖျက်သိမ်းခဲ့ကြောင်း သိရပါတယ်။