ဆစ်ဒနီမြို့ရှိ အထပ်မြင့် အဆောက်အအုံသစ်ကြီးမှ အက်ကွဲသံထွက်လာလို့ လူပေါင်းထောင်ချီ ရွှေ့ပြောင်းရ

သြစတြေးလျနိုင်ငံမှာ အသစ်တည်ဆောက်ပြီးစီးခဲ့တဲ့ အထပ်မြင့် တာဝါအဆောက်အအုံတစ်ခုကနေ အက်ကွဲသံ ကြားခဲ့ရပြီးနောက် ထိုအဆောက်အအုံနဲ့ အနီးပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ လူဦးရေ ၃,၀၀၀ အထိ ရွှေ့ပြောင်းခဲ့ရတယ်လို့ ဆိုပါတယ်။ ဆစ်ဒနီမြို့ရှိ Olympic Park ဧရိယာအတွင်း တည်ဆောက်ထားတဲ့ အထပ် ၃၃ ထပ်ပါ အိုပယ်တာဝါ (Opal Tower) မှာ အက်ကွဲသံတစ်ခု ကြားခဲ့ရကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

(Photo: EPA)

အိုပယ်တာဝါရဲ့ ၁၀ ထပ်နေရာမှာ အက်ကွဲသံကြားရကြောင်း ပြောဆိုမှုတွေရှိခဲ့ပြီးနောက် ရဲတပ်ဖွဲ့ကလည်း အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ အင်ဂျင်နီယာတွေက အထပ်မြင့် တာဝါအဆောက်အအုံဟာ ၂ မီလီမီတာ ရွေ့သွားခဲ့တယ်လို့ ပြောကြောင်း ဒေသခံမီဒီယာတွေက ဖော်ပြကြပါတယ်။ အကျယ်အဝန်း ဝ.၆ မိုင်အတွင်းမှာ နေထိုင်ကြသူတွေကို ရွှေ့ပြောင်းကြရန် ညွှန်ကြားခဲ့ပြီး အိုပယ်တာဝါအနီးရှိ အခြား အဆောက်အအုံမှာ နေထိုင်ကြသူတွေလည်း ရွှေ့ပြောင်းခဲ့ရပါတယ်။

(Photo: BuildSydney)

အိုပယ်တာဝါအနီး တိုက်ခန်းတစ်ခုမှာ နေထိုင်သူကြသူတွေထံ ပေးပို့လာတဲ့ အီးမေးလ်မှာတော့ "တာဝါအဆောက်အအုံ ပြိုကျနိုင်ခြေရှိတာကြောင့်" ရွှေ့ပြောင်းကြရန် ညွှန်ကြားချက်ထုတ်ပြန်ခြင်း ဖြစ်တယ်လို့ဖော်ပြကြောင်း Syndney Morning Hearld သတင်းက ပြောပါတယ်။ ကျွမ်းကျင်သူတွေက အက်ကွဲသံကြားရတဲ့ အိုပယ်တာဝါရဲ့ ၁၀ ထပ်နေရာကို သွားရောက်မှာဖြစ်ပြီး အဆောက်အအုံ ဘေးကင်းလုံခြုံမှုရှိ မရှိ အခြေအနေ စစ်ဆေးသွားမယ်လို့ New South Wales Fire And Rescue မှ ပြောခွင့်ရပုဂ္ဂိုလ် Greg White က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

(Photo: EPA)

ရဲတပ်ဖွဲ့ထံ ဒီဇင်ဘာ ၂၄ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၃၅ မိနစ်ဝန်းကျင်မှာ အဆောက်အအုံကနေ ကျယ်လောင်တဲ့ အက်ကွဲသံတစ်ခု ကြားခဲ့ရကြောင်း သတင်းပေးပို့မှုရှိခဲ့တယ်လို့ ၎င်းကဆိုပါတယ်။ ယခု အက်ကွဲသံထွက်ပေါ်ခဲ့တဲ့ အိုပယ်တာဝါ အထပ်မြင့်အဆောက်အအုံကို ယခုနှစ် အစောပိုင်းမှာ ဆောက်လုပ်မှုအပြီးသတ်ခဲ့တာဖြစ်ပြီး Ecove အိမ်ရာဆောက်လုပ်ရောင်းချရေးကုမ္ပဏီက ဆောက်လုပ်ခဲ့ကြောင်း သိရပါတယ်။ အိုပယ်တာဝါမှာ အခန်းပေါင်း ၃၉၂ ခန်း ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က