မော်စကိုမြို့အနီး ပြောင်းဖူးခင်းထဲသို့ အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။

ရုရှားခရီးသည်တင် လေယာဉ်တစ်စီးနဲ့ ငှက်အုပ်စုဝင်တိုက်မိရာမှ မော်စကိုမြို့အနီး ပြောင်းဖူးခင်းထဲသို့ လေယာဉ် အရေးပေါ်ဆင်းသက်ခဲ့ရပြီး ကလေးငယ် ၁၉ ဦး အပါအဝင် ၇၄ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

(ပြောင်းဖူးခင်းထဲမှာ အရေးပေါ်ဆင်းသက်ခဲ့သည့် လေယာဉ်) (Photo: Reuters)

ယမန်နေ့ (သြဂုတ် ၁၅ ရက်) က Ural လေကြောင်းလိုင်းမှ Airbus 321 လေယာဉ်ဟာ ခရိုင်မီးယားဒေသ ဆင်မ်ဖာရိုပိုလ်သို့ လေကြောင်းခရီးစဉ် ပျံသန်းရန်အတွက် မော်စကိုမြို့ အရှေ့တောင်ဘက်ရှိ Zhukovsky လေဆိပ်မှ ထွက်ခွာလာခဲ့ပြီး မကြာမီမှာပင် စင်ရော်အုပ်စုနဲ့ တိုက်မိခဲ့ပြီးနောက် အင်ဂျင်များရပ်သွားခဲ့တယ်လို့ ဆိုပါတယ်။



ထို့နောက် လေယာဉ်မှူးတွေက လေယာဉ်ကို အတတ်နိုင်ဆုံး ထိန်းသိမ်းကာ ပြောင်းဖူးခင်းထဲသို့ အရေးပေါ်ဆင်းသက်ခဲ့ပါတယ်။ လေယာဉ်ကို အရေးပေါ်အခြေအနေဖြင့် အကောင်းဆုံး ဆင်းသက်ခဲ့တဲ့ လေယာဉ်မှူးတွေကို လူ့အသက်များ ကယ်တင်ခဲ့မှုအတွက် ရုရှားသမ္မတနန်းတော်က သူရဲကောင်းများအဖြစ် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

(လေယာဉ်မှူး Damir Yusupov နဲ့ အကူလေယာဉ်မှူး Georgy Murzin) (Photo: TASS)

ရုရှားအစိုးရ မီဒီယာကလည်း လေယာဉ်အရေးပေါ်ဆင်းသက်နိုင်ခဲ့မှုကို 'Ramensk ကောင်းကင်ယံမှ အံ့သြဖွယ်ဖြစ်ရပ်' လို့ သုံးနှုန်းရေးသားခဲ့ပါတယ်။ စင်ရော်အုပ်စုနဲ့တိုက်မိပြီး အရေးပေါ်ဆင်းသက်ခဲ့ရတဲ့ လေယာဉ်ပေါ်မှာ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၂၃၃ ဦး လိုက်ပါလာခဲ့ကြောင်း ရုရှားသတင်းဌာန RT က ဖော်ပြပါတယ်။

"လေယာဉ်ပျံတက်ခဲ့ပြီးတော့ အင်ဂျင်တွေ တစ်ခုခုဖြစ်နေတယ်ဆိုတာ သိသာခဲ့တယ်၊ လေယာဉ်က အရှိန်တင်ဖို့ အချိန်အကြာကြီးဖြစ်နေခဲ့တယ်" လို့ အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးက RT ကို ပြောခဲ့ပါတယ်။

(ပြောင်းဖူးခင်းထဲမှာ တွေ့ရသည့်လေယာဉ်) (Photo: Vyacheslav Prokofyev/TASS)

"ကျွန်မတို့ အောက်ကိုပြန်ကျလာတာ သိလိုက်တယ်၊ လေယာဉ်အင်ဂျင်ပြန်နှိုးဖို့ ကြိုးစားနေတုန်း အသံတွေလည်း ကြားနေရတယ်၊ ဒါပေမဲ့ လေယာဉ်အင်ဂျင်ပြန်မနှိုးနိုင်ခဲဘူး" လို့ အမျိုးသမီးငယ်တစ်ဦးကလည်း ပြောခဲ့ပါတယ်။ စင်ရော်အုပ်စုနဲ့ တိုက်မိပြီးနောက် အသက် ၄၁ နှစ်အရွယ် လေယာဉ်မှူး Damir Yusupov နဲ့ ၎င်းရဲ့ အကူလေယာဉ်မှူး အသက် ၂၃ နှစ်အရွယ် Georgy Murzin တို့ဟာ လေဆိပ်ကို အန္တရာယ်ကင်းစွာ ပြန်လှည့်သွားရန် အချိန်မရှိတော့ကြောင်း သိရှိနားလည်ခဲ့ကြတယ်လို့ ဆိုပါတယ်။

(ပြောင်းဖူးခင်းထဲမှ ခရီးသည်တင်လေယာဉ်) (Photo: AP)

ထို့နောက် လေယာဉ်ကို ဝမ်းဗိုက်ဖြင့်လျှပ်တိုက်ပြီး အရေးပေါ်ဆင်းသက်ရန် ကွင်းပြင်ကျယ်တစ်ခုကို စက္ကန့်ပိုင်းအတွင်း အမြန်ရှာဖွေခဲ့ကြကာ တစ်စုံတစ်ဦးမျှ အသက်အန္တရာယ်မရှိစေဘဲ ဆင်းသက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ငှက်များနဲ့ လေယာဉ်များကြား တိုက်မိမှုတွေဟာ လေကြောင်းပျံသန်းရေးမှာ ဖြစ်ပွားလေ့ရှိပြီး အမေရိကန်တစ်နိုင်ငံတည်းမှာပင် နှစ်စဉ် အကြိမ်ရေ ထောင်နဲ့ချီရှိကြောင်းလည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က