စပါးနဲ့ ဘရာဇီးတိုက်စစ်မှူး ရစ်ချာလီဆန်က (၂၀၂၂) ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ စိတ်ကျရောဂါ ဝေဒနာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲ့ဒီအချိန်တုန်းက သူ့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ မစဉ်းစားခဲ့သည့်တိုင် ဂူဂဲလ်မှာ သေခြင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ရှာဖွေခဲ့တယ်လို့ ဖွင့်ဟဝန်ခံခဲ့ပါတယ်။
စပါးတိုက်စစ်မှူးဟာ (၂၀၂၂) ကမ္ဘာ့ဖလားမှာ ဘရာဇီးအတွက် (၃) ဂိုးသွင်းယူပေးနိုင်ခဲ့ပေမယ့် ဘရာဇီးကတော့ ကွာတားဖိုင်နယ်ကနေ ထွက်ခဲ့ရပါတယ်။ အဆိုပါပွဲအပြီး အရန်ခုံတန်းမှာ ရစ်ချာလီဆန် ငိုကြွေးနေတာကိုလည်း ပရိသတ်တွေ မြင်တွေ့ခဲ့ရပြီး သူ့ရဲ့ ပြဿနာတွေက အဲ့ဒီအချိန်ကနေ အစပြုခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
ရစ်ချာလီဆန်ဟာ သူ့ရဲ့ဘဝကို အရှုံးပေးချင်ကြောင်း အဖေဖြစ်သူကိုလည်း ပြောကြားခဲ့ပါသေးတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ ရစ်ချာလီဆန်က “ကျွန်တော့်ရဲ့ အကောင်းဆုံးအချိန်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကစားခဲ့ရပြီး ကိုယ့်ရဲ့ ခံနိုင်စွမ်းရည်ကို ထိပါးသွားခဲ့ပါတယ်။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့အထိ မပြောပါဘူး”
“ဒါပေမယ့် ကျွန်တော် စိတ်ကျရောဂါကို ခံစားခဲ့ရပြီး အရှုံးပေးချင်ခဲ့ပါတယ်။ ကျွန်တော်က စိတ်ပိုင်းဆိုင်ရာအရ သန်မာတဲ့ပုံစံပေါက်ပေမယ့် ကမ္ဘာ့ဖလားအပြီးမှာတော့ ပြိုလဲသွားခဲ့ပါတယ်။ Therapist က ကျွန်တော့်ကို ကယ်တင်ခဲ့တာပါ။ ကျွန်တော်က မကောင်းတဲ့အမှိုက်တွေကိုပဲ စဉ်းစားနေခဲ့မိပြီး ဂူဂဲလ်မှာတောင် သေတာနဲ့ ပတ်သက်တာတွေကို ရှာဖွေခဲ့တာပါ”
“ဒီနေ့မှာတော့ ခင်ဗျားတို့အနေနဲ့ တစ်ခုခုဖြစ်နေတယ်ဆိုရင် ဒါကို ဖွင့်ဟချပြဖို့ လိုအပ်တယ်ဆိုတာကို ကျွန်တော် ပြောနိုင်နေပါပြီ။ စိတ်ရောဂါကျွမ်းကျင်သူတွေကလည်း ကမ္ဘာ့ဘောလုံးလောကမှာ ကျွန်တော်က ဒီကိစ္စကို ဖွင့်ဟပေးခဲ့လို့ ကျွန်တော့်ကို ကျေးဇူးတင်ခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။