လူနေမကောင်းရင် ဆရာဝန်ထံ သွားရောက်ဆေးကုတာ ၊ ဆေးသောက်တာ တွေနဲ့ နေမကောင်းတာကို သက်သာအောင် ကုရသလိုပါပဲ ၊ စိတ်နေမကောင်းရင်လည်း နေပြန်ကောင်းဖို့အတွက် ကုစားဖို့ လိုအပ်ပါတယ်။
စိတ်ဓာတ်ကျနေကြောင်း အရင်သိဖို့လိုပါတယ်
စိတ်ဓာတ်ကျတာကို ကုစားဖို့ဆိုတာက အရင်ဆုံးအနေနဲ့ စိတ်ဓာတ်ကျနေတယ်ဆိုတာကို ကိုယ်တိုင်သိအောင် ကြိုးစားဖို့လိုပါတယ်။ စိတ်ဓါတ်ကျရာကနေ စိတ်ရောဂါတစ်ခု ဖြစ်မလာအောင် ကိုယ်ကိုယ်တိုင်က ကြိုတင် ကာကွယ်နိုင်ပါတယ်။
စိတ်ဓာတ်ကျနေသူတစ်ယောက်ရဲ့ လက္ခဏာတွေက
စိတ်ဓါတ်ကျနေတဲ့ သူတွေရဲ့ လက္ခဏာတွေကတော့
- ဝမ်းနည်းတာ
- စိတ်ထိခိုက်တာ
- တမှိုင်မှိုင်နဲ့ အလုပ်လုပ်ရတာ စိတ်မပါတာ
- ကိုယ့်ကိုယ်ကိုယ်လည်း အကောင်းမမြင်တာ
- တန်ဖိုးမဲ့တယ်လို့လည်း ကိုယ့်ကိုယ်ကိုယ် ခံစားရတာ
- လူတွေနဲ့ ( ကိုယ့်မိသားစုနဲ့ဖြစ်ဖြစ် ၊ ကိုယ့်အပေါင်းအသင်းနဲ့ ဖြစ်ဖြစ် )ဆက်ဆံမှုမရှိတော့ဘဲသီးခြားနေထိုင်တာ
- ဘယ်အလုပ်ကိုမှ စိတ်ဝင်စားမှုမရှိတာ
- အစာပိုစားလာတာ
- အစာမစားတာမျိုးတွေ အစရှိတဲ့ လက္ခဏာမျိုးတွေကတော့ စိတ်ဓာတ်ကျကြောင်းပြသနေတဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။
တစ်ယောက်တည်း ကျိတ်မှိတ်ခံစားမနေပါနဲ့
ကိုယ်ခံစားနေရတဲ့ ဝေဒနာတွေကို ကျိတ်မှိတ် မြိုသိပ်လိုက်တဲ့အခါမှာ ပိုပြီးမှားယွင်းတဲ့ အမှားတွေ၊ ကိုယ်ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ့်မိသားစု ချစ်ခင်ရတဲ့သူတွေကို ထိခိုက်စေနိုင်တဲ့ အပြုအမူတွေ လုပ်မိတတ်ကြပါတယ်။ အဲဒါကြောင့် ခံစားနေရတာတွေကို ဘယ်တော့မှ တစ်ယောက်တည်း ကျိတ်မှိတ်ခံစားနေတာမျိုးတွေမလုပ်ပါနဲ့။ အနည်းဆုံးတော့ စိတ်ဓါတ်ကျနေတဲ့သူတစ်ယောက်က ခံစားနေရတဲ့ အကြောင်းတွေကို ဖွင့်ထုတ်ပြလိုက်တဲ့အခါ ဝေဒနာက အတိုင်းအတာတစ်ခုအထိ လျော့နည်းသက်သာသွားပါတယ်။
ရင်ဖွင့်နိုင်မယ့်တစ်ယောက်ယောက်ကို ရှာပါ
အထက်ကပြောပြထားတဲ့ လက္ခဏာမျိုးတွေ ခံစားလာရပြီဆိုရင် တစ်ယောက်တည်း ကျိတ်မှိတ်ခံစားနေတာမျိုးတွေ မပြုလုပ်ဘဲ ကိုယ့်အတွက် ယုံကြည်ရတဲ့ သူတစ်ယောက်ယောက်ကို ရင်ဖွင့်တိုင်ပင်ပါ။
အကူအညီပေးနိုင်မယ့်သူကို ရှာပါ
ကိုယ်က ရင်ဖွင့်ပြောပြဖို့လည်း လူမရှိဘူး၊ ဘယ်သူ့ကိုမှလည်း ကိုယ်ခံစားနေရတာတွေမပြောချင်ဘူးဆိုရင်တော့ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေ ၊ လူပုဂ္ဂိုလ်တွေ ရဲ့ အကူအညီကို ရယူဖို့ လိုအပ်ပါတယ်။
ဒီလိုနည်းလမ်းတွေနဲ့ စိတ်ဓာတ်ကျနေတာတွေကို စိတ်ရောဂါအဆင့်ထိ မရောက်အောင် ကာကွယ်နိုင်ပါတယ်။
ဖော်ပြပါသတင်းဆောင်းပါးပါ အချက်အလက်များသည် Duwun Community Voice အစီအစဉ်မှ စိတ်ကျန်းမာရေးဆရာဝန် ဒေါက်တာကျော်မင်းဦးရဲ့ အကြံပြုချက်များကို ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။