ယူနိုက်တက် ဘယ်နောက်ခံလူ ရီဂွယ်လွန်ဟာ ဘိုင်ယန်မြူးနစ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲမှာ ဟယ်ရီကိန်းကို ရည်ရွယ်ပြီး စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ ဘိုင်ယန်မြူးနစ်က ၄-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်တို့ ယူနိုက်တက်ကို ၂-၁ ဂိုးနဲ့ ဦးဆောင်ထားချိန်မှာ ယူပါမီကာနိုရဲ့ ခေါင်းတိုက်ချက် အဲရစ်ဆင်ရဲ့ လက်နဲ့ ထိသွားခဲ့တာကြောင့် ပင်နယ်တီရရှိခဲ့ပါတယ်။ ဒီပင်နယ်တီက အငြင်းပွားစရာဖြစ်ခဲ့ပြီး ကွင်းလယ်ဒိုင်က VAR နဲ့ ကြည့်ရှုစစ်ဆေးပြီးတဲ့နောက် ဘိုင်ယန်မြူးနစ်ကို ပင်နယ်တီကန်သွင်းခွင့်ပြုခဲ့တာပါ။
ဒီပင်နယ်တီကို ဟယ်ရီကိန်း ကန်သွင်းဖို့ ပြင်ဆင်နေချိန်မှာ ရီဂွယ်လွန်က ဟယ်ရီကိန်းကို ရင့်သီးတဲ့ စကားလုံးတွေနဲ့ စိတ်ဓာတ်စစ်ဆင်နေတာကို ပရိသတ်တွေ မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ရီဂွယ်လွန်ရဲ့ ကြိုးပမ်းမှုက မအောင်မြင်ခဲ့ဘဲ ဟယ်ရီကိန်းက အိုနာနာရဲ့ ညာဘက်ထောင့်ထဲကို တိကျအားပါတဲ့ ကန်ချက်နဲ့ ကန်သွင်းကာ ဂိုးရရှိခဲ့ပါတယ်။
ပရိသတ်တွေကတော့ “ဟယ်ရီကိန်း ပင်နယ်တီလွဲအောင် ရီဂွယ်လွန် တတ်နိုင်သလောက် ကြိုးစားခဲ့ပါသေးတယ်” “ရီဂွယ်လွန်ရဲ့ ညစ်ပတ်တဲ့ လုပ်ရပ်ပဲ” “ရီဂွယ်လွန်က ဟယ်ရီကိန်းကို စိတ်ရှုပ်အောင် လုပ်ဖို့ ကြိုးစားခဲ့ပါသေးတယ်” လို့ အသီးသီး မှတ်ချက်ပြုခဲ့ကြပါသေးတယ်။
အဆိုပါပွဲမှာ ယူနိုက်တက်တို့ ရှုံးနိမ့်ခဲ့ရပေမယ့် ရီဂွယ်လွန်ရဲ့ စိတ်ပိုင်းဆိုင်ရာကတော့ ချီးကျူးစရာဖြစ်ခဲ့ပါတယ်။ သူက တစ်ပွဲလုံး မာမာထန်ထန်နဲ့ တုံ့ပြန်ကစားနိုင်ခဲ့ပြီး အမှားအယွင်းကျူးလွန်မိခဲ့တဲ့ အသင်းဖော် ဂိုးသမား အိုနာနာကိုလည်း ကွင်းအတွင်းမှာပဲ နှစ်သိမ့်ပေးခဲ့ပါသေးတယ်။