ဘရန်ဖို့ဒ်ကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ယူနိုက်တက်တိုက်စစ်မှူးရော်နယ်ဒိုတယောက် သူ့ကိုလူစားလဲခဲ့လို့ ပေါက်ကွဲခဲ့ပါတယ်။ ပွဲပြီးဖို့ မိနစ် ၂၀ လောက် လိုနေသေးချိန်၊ အသင်းက ၂-၀ နဲ့ ဦးဆောင်နေချိန်မှာ ရန်းနစ်က သူ့ကို မက်ဂွိုင်းယားနဲ့ လူစားလဲခဲ့တာပါ။ ရော်နယ်ဒိုတယောက် ကွင်းထဲကထွက်ချိန်မှာ ပွစိပွစိတွေပြောပြီး ထွက်ခဲ့သလို နည်းပြကိုလည်း သေချာနှုတ်ဆက်ခြင်းမရှိခဲ့ပါဘူး။
အရန်ခုံတန်းကိုရောက်ချိန်မှာလည်း သူ့ရဲ့ တတွတ်တွတ်ပြောဆိုနေမှုတွေက မပြီးသေးဘဲ ဒေါသက ပိုကြီးနေခဲ့တာကို ရုပ်သံကင်မရာတွေက အမိအရရိုက်ကူးနိုင်ခဲ့ပါတယ်။ သူ့ကို လူစားလဲချိန်မှာ ရော်နယ်ဒိုက ဂိုးလည်းမသွင်းနိုင်၊ ဖန်တီးမှုလည်းမရှိ၊ ဂိုးပေါက်တည့်အောင်တောင် တကြိမ်မှကန်ခွင့်မရှိသေးဘဲ မိနစ် ၂၀ လောက် ထပ်ကစားရမယ့်အနေအထားဖြစ်နေလို့ ဒေါသထွက်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် သိပ်မကြာခင်မှာပဲ ရော်နယ်ဒိုနားမှာ နည်းပြရန်းနစ်ကို မြင်တွေ့ခဲ့ရပြီး ကစားသမားမျက်နှာကလည်း ပြန်ကြည်လင်နေခဲ့ပါတယ်။ ရော်နယ်ဒိုနားကပ်ပြီး ရန်းနစ်က စကားတွေပြောနေခဲ့ကာ လူစားလဲခဲ့ရတဲ့ အကြောင်းရင်းကို ရှင်းပြခဲ့တယ်လို့ ယူဆရပါတယ်။ ဒေါသထွက်နေတဲ့ တပည့်ကျော်ကို ပြန်ပြီးတော့ ချော့နေရတယ်ဆိုတာက ပိုမှန်မယ်ထင်ပါတယ်။
ပွဲအပြီးမှာ ရန်းနစ်က သူတို့ ဘာတွေပြောခဲ့လဲဆိုတာကို အခုလိုပြောဆိုသွားခဲ့ပါတယ်။ သူ့ကို ဘာလို့ လူစားလဲရတာလဲဆိုပြီးတော့ ရော်နယ်ဒိုက ကျနော့်ကို လာမေးခဲ့ပါတယ်၊ ကျနော်ကလည်း ဒီဆုံးဖြတ်ချက်က အသင်းအတွက်၊ ကလပ်အတွက်လို့ ပြန်ပြောခဲ့လိုက်တယ်၊ နောက်နှစ်အနည်းငယ်အတွင်းမှာ သူ နည်းပြတဦးဖြစ်လာခဲ့မယ်ဆိုရင် ဒါကို သူ နားလည်ပါလိမ့်မယ်၊ သူ့ကို ကျနော် အခုလို ထပ်ပြောခဲ့သေးတယ်"
"ငါတို့က ၂-၀ နဲ့ အနိုင်ရနေပြီ၊ ပြီးတော့ ဗီလာနဲ့ပွဲတုန်းကအဖြစ်အပျက်ကို သင်ခန်းစာယူရမယ်၊ အဲဒီပွဲပြီးတော့ ခံစစ်ကို ငါးယောက်တန်းမပြောင်းခဲ့မိလို့ ကိုယ့်ကိုကိုယ်ဒေါသထွက်နေခဲ့တယ်၊ ဒီနေ့တော့ ၂-၀ ဆိုတဲ့ ရလဒ်ကိုသေချာအောင် လုပ်ဖို့အတွက် မင်းကို လူစားလဲခဲ့ရတာပဲ၊ ငါ တူညီတဲ့ အမှားတခုကို နောက်ထပ်မလုပ်ချင်တော့ဘူး" လို့ ရှင်းပြခဲ့ပါတယ်။