ဥရောပဘောလုံးအဖွဲ့ချုပ်က ရုရှားကို လုံးဝပစ်ပယ်ထားတာပါ။

ရုရှားဘောလုံးအဖွဲ့ချုပ်ဟာ ဥရောပဘောလုံးအဖွဲ့ချုပ်လက်အောက်ကနေ နှုတ်ထွက်ပြီး အာရှဘောလုံးအဖွဲ့ချုပ် လက်အောက်ကို ပြောင်းရွှေ့ဖို့ စဥ်းစားနေတယ်လို့ သိရှိရပါတယ်။ ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲပြီးနောက် ရုရှားဘောလုံးလောကရဲ့ အခြေအနေက အနှုတ်ဘက်ကို ဦးတည်သွားခဲ့ပါတယ်။



ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က ရုရှားလက်ရွေးစင်အသင်းကို ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ဖ်အဆင့်ကနေ ထုတ်ပယ်လိုက်ပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) ကလည်း ရုရှားကလပ်တွေကို သူတို့လက်အောက်က ယှဥ်ပြိုင်ကစားလျက်ရှိတဲ့ ပြိုင်ပွဲတွေကနေ ထုတ်ပယ်ခဲ့ပါတယ်။

ဒါ့အပြင် ဒီရာသီ ချန်ပီယံလိဂ်ဖလားဗိုလ်လုပွဲကိုလည်း ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ကနေ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ကို ရွှေ့ပြောင်း ကစားစေခဲ့ပါတယ်။ ရုရှားဘောလုံးအဖွဲ့ချုပ်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ကစားခွင့်အတွက် နိုင်ငံတကာ အားကစားခုံရုံးကို အယူခံတင်ခဲ့ပေမယ့် ငြင်းဆန်ပယ်ချခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ရုရှားဘောလုံးအဖွဲ့ချုပ်ဟာ ဥရောပဘောလုံးအဖွဲ့ချုပ် လက်အောက်ကနေ နှုတ်ထွက်ပြီး အာရှဘောလုံးအဖွဲ့ချုပ် လက်အောက်ကို ပြောင်းရွှေ့ဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ ဒီအစီအစဥ်နဲ့ ပတ်သက်လို့ စပါးတပ်မော်စကို ဥက္ကဌဟောင်း ချီရက်ဗ်ချန်ကိုက “ဒါက ကောင်းမွန်တဲ့ အကြံဥာဏ်ပါပဲ။ အဲ့ဒီလိုသာဆိုရင်တော့ အာရှဘောလုံးအဖွဲ့ချုပ်အတွက် ပိုက်ဆံတွေ ပိုရလာမှာပါ”

“အဲ့ဒီမှာ ကျနော်တို့ နိုင်ပွဲတွေ၊ အောင်ပွဲတွေရဖို့ အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ ဥရောပမှာ ဘာအောင်မြင်မှုမှ မရတဲ့နောက် ကျနော်တို့ အာရှမှာ ရယူနိုင်ဖို့ ကြိုးစားမှာပါ။ အာရှချန်ပီယံလိဂ်ရဲ့ ပြိုင်ပွဲကျင်းပပုံကို ကျနော် မသိပေမယ့် ဆုဖလားတွေ အဆက်မပြတ်ရယူနိုင်တဲ့ အသင်း သုံးလေးသင်းလောက် ရုရှားမှာရှိပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဘောလုံးလောကရဲ့ ရုရှားအပေါ် အရေးယူမှုတွေနဲ့ပတ်သက်လို့ အမြင်အမျိုးမျိုးကွဲပြားနေပြီး မကြာခင်မှာပဲ ဒီအရေးယူမှုတွေ ပြေလျော့သွားနိုင်တယ်လို့လည်း သုံးသပ်နေကြပါတယ်။ ရုရှားဟာ ယူရို (၂၀၂၈) ဒါမှမဟုတ် ယူရို (၂၀၃၂) ကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရဖို့အတွက်လည်း ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။ 

Share

Loading Next Article...
က္က