ကိုယ့်စိတ်တွေ အရမ်းမွန်းကြပ်လာလို့ပဲဖြစ်ဖြစ် ၊ နေ့တဓူဝ မြင်ကွင်းတွေ ငြီးငွေ့လာလို့ပဲဖြစ်ဖြစ် ၊ စိတ်လန်းဆန်းကြည်လင်ချင်လို့ပဲဖြစ်ဖြစ် ၊ မိသားစုကို အချိန်ပေးချင်လို့ပဲဖြစ်ဖြစ် ၊ သူငယ်ချင်းတွေနဲ့ ပျော်ချင်လို့ ခရီးထွက်ဖို့ စဉ်းစားနေပြီဆိုရင် ခရီးမထွက်ခင်ဘာတွေ ပြင်ဆင်ရမလဲဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။
ခရီးထွက်ဖို့ ပြင်ဆင်ရမှာတွေကို မပြင်ဆင်ဘဲ ဒီတိုင်းထွက်လာမယ်ဆိုရင် ခရီးက ပျော်သင့်သလောက်မပျော်ရဘဲ စိတ်ရှုပ်ရတာတွေ၊ အဆင်မပြေတာတွေ များပြီး ငွေကုန်ကြေးကျလည်း ပိုများနိုင်ပါတယ်။
ဒီတော့ ခရီးမှာ စိတ်လွတ်ကိုယ်လွတ်ပျော်ရဖို့အတွက် ဘာတွေကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်လဲဆိုတာကို ခုပြောပြပေးမယ်နော်။
Photo:Freepik
Over Planning လုပ်တာမျိုးတွေ ရှောင်ရှားပါ
ပထမဆုံးအနေနဲ့ သတိထားဖို့ကတော့ လိုအပ်တာထက်ပိုပြီး Over Planning လုပ်မိတာမျိုးတွေ ရှောင်ရှားဖို့ လိုအပ်ပါတယ်။ ခရီးသွားတာဖြစ်တဲ့အတွက် အခြေအနေ နဲ့ အချိန်အခါ ပေါမူတည်ပြီး လိုက်လျောညီထွေဖြစ်အောင် စီစဉ်ရတာဖြစ်ပါတယ်။
ဘာနဲ့သွားမှာလဲ သေချာဆုံးဖြတ်ပါ
ကိုယ်က လေယာဉ်နဲ့သွားမှာလား ၊ အဝေးပြေး express ခရီးသွားကားနဲ့ သွားမှာလား ၊ ရထားနဲ့ သွားမှာလား ၊ ကိုယ်က ကိုယ်ပိုင်ကားနဲ့ပဲသွားမှာလား ၊ ကားစင်းလုံးငှားမှာလား ဆိုတာတွေကို ခရီးမသွားခင်ကတည်းက သေချာဆုံးဖြတ်ပြီး စီစဉ်ထားဖို့ လိုအပ်ပါတယ်။
Photo:Freepik
ဘယ်လောက်ဘတ်ဂျတ်အသုံးပြုမှာလဲ တစ်ခါတည်းတွက်ချက်ပါ
ခရီးကို ကုန်ချင်သလောက်ကုန် ၊ ကျချင်သလောက်ကျ သွားမယ်၊ ဖြုန်းမယ်ဆိုတာမျိုးတွေ လုံးဝမလုပ်ပါနဲ့ ။ ခရီးမသွားခင်ကတည်းက ဒီခရီးအတွက် ပိုက်ဆံဘယ်လောက်ထိ သုံးမယ်ဆိုတာကို ကြိုတင်တွက်ချက်ထားပါ၊ ဒါမှသာ ခရီးထွက်ပြီးမှ လက်ထဲ ပိုက်ဆံလုံးဝမကျန်တဲ့ ကိစ္စမျိုးတွေ စိုးရိမ်စရာမလိုတော့ပါဘူး။
ကိုယ်တည်းမယ့်နေရာလိပ်စာကို မိသားစုသူငယ်ချင်းတွေဆီလည်း မျှဝေပေးပါ
ဟိုတယ်ပဲဖြစ်ဖြစ်၊ ဘတ်ဂျတ်တွက်ချက်ပြီး တည်းခိုဖို့ပဲဖြစ်ဖြစ် ဘယ်မှာပဲ နေဖြစ်ပါစေ… ကိုယ်တည်းခိုမယ့် လိပ်စာ နဲ့ ဖုန်းနံပါတ် ကိုလည်း သေချာရေးမှတ်ထားပြီး မိသားစု ၊ သူငယ်ချင်းတွေထံလည်း မျှဝေထားဖို့ မမေ့ပါနဲ့ ။ ဒါမှသာ အရေးအကြောင်းဆို ကိုယ့်ကို ဆက်သွယ်နိုင်မှာဖြစ်ပါတယ်။
Photo:Freepik
လိုအပ်ရင် ခရီးသွားအာမခံဝယ်ထားပါ
ပြည်တွင်းခရီးတွေသွားရင်တော့ ကိစ္စမရှိပေမယ့် ပြည်ပခရီးစဉ်တွေ ထွက်မယ်ဆိုရင်တော့ လိုလိုမယ်မယ် ခရီးသွားအာမခံဝယ်ယူထားဖို့ အကြံပေးပါရစေ။ ကျန်းမာရေးစောင့်ရှောက်မှုတွေက ဈေးကြီးတာဖြစ်တဲ့အတွက်ကြောင့် ခရီးသွားအာမခံ (Travel Insurance) ကိုဝယ်ထားမယ်ဆိုရင်တော့ ထိခိုက်နစ်နာနေမကောင်းတာတွေအတွက် အဆင်ပြေနိုင်ပါတယ်။
ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။