ခရီးသွားတဲ့အခါ ပတ်ဝန်းကျင်ကို သတိမထားမိလိုက်တဲ့အချိန်မှာပဲ ခန္ဓာကိုယ်ပေါ်က ရွေ၊ ငွေ၊ ဖုန်း စတဲ့အဖိုးတန်ပစ္စည်းတစ်စုံတရာ ပျောက်သွားတာကြုံဖူးတာမျိုး ဒါမှမဟုတ် ကြားဖူးတာမျိုး ရှိလောက်မှာပါ။ ဒီလိုမျိုး ပစ္စည်းအလုခံရတာ၊ အခိုးခံလိုက်ရတာမျိုးတွေဟာ ခရီးသွားတိုင်းကြုံတွေ့ရလေ့ရှိတဲ့ အခက်အခဲပြဿနာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အခုဖော်ပြထားတဲ့ လမ်းညွှန်ချက်လေးတွေကို ဆုံးသည်အထိ ဖတ်ရှုပြီးရင်တော့ ဒီအခက်အခဲကိုကျော်လွှားပြီး စိတ်အေးချမ်းသာစွာနဲ့ သင့်ခရီးကိုရှေ့ဆက်နိုင်မှာပါ။
ခရီးသွားတဲ့အခါ ဘာတွေကြိုတင်လုပ်ဆောင်ထားသင့်သလဲ
ကိုယ်က ခရီးသွားတော့မယ်ဆိုရင် လမ်းခရီးမှာ စိတ်ချလုံခြုံစေဖို့ အတွက် ခရီးမသွားခင်မှာ ဒီအချက်တွေ ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။
- သွားမယ့်ခရီးစဉ်ကို ကြိုတင်အစီအစဉ်ချထားပါ။
- တောတောင်ခရီးတွေကို တယောက်တည်းမသွားပါနဲ့။
- ညည့်နက်ပိုင်း လမ်းခရီးသွားလာခြင်းကိုရှောင်ပါ။
- သွားမယ့်နေရာဒေသ အကြောင်းလေ့လာစုံစမ်းပါ။
- အနီးပတ်ဝန်းကျင်က ဒေသခံတွေကို ဘယ်နေရာတွေက စိတ်ချလုံခြုံရနိုင်တယ်၊ ဘယ်နေရာတွေက အန္တရာယ်ရှိလဲဆိုတာ မေးမြန်းပါ။
- ယေဘုယျအားဖြင့်တော့ မိခင်အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ လမ်းညွှန်တဲ့ နေရာတွေက ပိုပြီး အန္တရာယ်ကင်းစိတ်ချနိုင်ပါတယ်။
- မှတ်ပုံတင်၊ ပတ်(စ်)ပို့၊ ယာဉ်မောင်းလိုင်စင် စတဲ့ အရေးကြီးတဲ့စာရွက်စာတမ်းတွေကို ဓာတ်ပုံရိုက်ကူးထားပြီး ဂရုတစိုက်သိမ်းဆည်းထားပါ။
- လူသွားလူလာမပြတ်တဲ့ နေ့ပိုင်းအချိန်တွေမှာသာ ATM စက်မှာ ငွေထုတ်ပါ။
- ခရီးစဥ်မှာငွေသားအမြောက်အများသယ်ဆောင်သွားတာမျိုးရှောင်ကြဉ်ပြီး ကရက်ဒစ်ကဒ်၊ မိုဘိုင်းဝေါလတ်တို့ကိုသာအတတ်နိုင်ဆုံး အသုံးပြုပါ။
- ပတ်ဝန်းကျင်မှာ ခိုက်ရန်ဖြစ်ပွားလာပါက အတတ်နိုင်ဆုံးရှောင်ရှားသွားပါ။
လုံခြုံစိတ်ချစွာခရီးသွားနိုင်ဖို့ သိထားသင့်တဲ့အချက်တွေက ဘာတွေလဲ
အသွားအပြန်လမ်းခရီးမှာ စိတ်ချလုံခြုံဖို့ဆိုရင် ခုပြောပြမယ့် အချက်လေးတွေကို သိကို သိထားသင့်ပါတယ်။
- လေဆိပ်လိုနေရာမျိုးမှာ ခရီးဆောင်အိတ်စစ်ဆေးတဲ့နေရာဟာ လူထူထပ်လေ့ရှိတာကြောင့် စိတ်ရှည်သည်းခံစွာစောင့်ဆိုင်းသင့်ပါတယ်။
- အရေးပေါ်အခြေအနေတွေအတွက် အရေးပေါ်ထွက်ပေါက်၊ လှေကားစတဲ့နေရာတွေကို ကြိုတင်ကြည့်လေ့လာထားပါ။
- သူစိမ်းတွေနဲ့အတူ ကားအတူငှားခြင်းကိုရှောင်ကျဉ်ပါ။
- ကိုယ်ပိုင်ကားနဲ့ခရီးသွားတဲ့အခါမှာလည်း နေရာဒေသအလိုက် အရှိန်ကိုထိန်းမောင်းသင့်ပါတယ်။
တည်းခိုရာနေရာမှာ ဘာတွေသတိထားလုပ်ဆောင်သင့်ပါသလဲ
လုံခြုံစိတ်ချတဲ့ ခရီးဖြစ်ဖို့ဆိုတာ အသွားအပြန်မှာတင် ဂရုစိုက်ရမှာမဟုတ်ပါဘူး။ တည်းခိုရာနေရာမှာလည်း သတိထားဂရုစိုက်ဖို့ လိုပါတယ်။
- အရေးပေါ်အခြေအနေတွေအတွက် တည်းခိုတဲ့ ဟိုတယ်ရဲ့ အရေးပေါ်ထွက်ပေါက်၊ လှေကားစသည့်နေရာများကို ကြိုတင်ကြည့်လေ့လာထားပါ။
- အနားယူနေတဲ့အချိန်မှာ အခန်းတံခါးကို သေချာစွာ သော့ခတ်ပိတ်ထားပါ။
- တွေ့ဆုံစကားပြောစရာကိစ္စတွေရှိလာတဲ့အခါမှာ ဧည့်တွေ့ကောင်တာမှာပဲတွေ့သင့်ပြီး မိမိအခန်းထဲကိုခေါ်လာတာမျိုးကိုလည်းမလုပ်သင့်ပါဘူး။
ဒီအချက်တွေကိုသာ သေချာသတိထားလိုက်နာဆောင်ရွက်မယ်ဆိုရင် အန္တရာယ်ကင်းပြီး စိတ်ချလုံခြုံတဲ့ ခရီးလေး ဖြစ်မှာသေချာပါတယ်။
ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။