ရီးရဲလ်မက်ဒရစ်ကို အံ့အားသင့်ဖွယ် နောက်ကျသွင်းဂိုးတွေနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် မန်စီးတီးပရိသတ်တွေဟာ နည်းပြ ဂွါဒီယိုလာကို ရာထူးကနေ ထုတ်ပယ်ဖို့ တောင်းဆိုလာကြပါတယ်။ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ကာ ချန်ပီယံလိဂ်ဗိုလ်လုပွဲနဲ့ မန်စီးတီးတို့ လွဲချော်ခဲ့ရပါပြီ။
ပထမအကျော့မှာ ၄-၃ ဂိုးနဲ့အနိုင်ရခဲ့သလို ဒုတိယအကျော့မှာလည်း မိနစ် (၉၀) အထိ မန်စီးတီးက မာရက်ဇ်ရဲ့တလုံးတည်းသောသွင်းဂိုးနဲ့ ဦးဆောင်ခဲ့တာပါ။ ဒါပေမယ့်လည်း နောက်ဆုံးမိနစ်တွေမှာ နှစ်ဂိုးဆက်ပေးလိုက်ရပြီး အချိန်ပို ဆက်ကစားခဲ့ရပါတယ်။ ရိုဒရီဂိုရဲ့ ပထမချေပဂိုးပေးလိုက်ရတည်းက မန်စီးတီး ကစားပုံ သိသိသာသာ ပျက်စီးသွားခဲ့ပါတယ်။
အချိန်ပိုမှာတော့ ရီးရဲလ်မက်ဒရစ်ရဲ့ အရှိန်အဝါနဲ့သမ္ဘာကို ဘယ်လိုမှ မတွန်းလှန်နိုင်တော့ဘဲ ဘန်ဇီမာက ပင်နယ်တီကတဆင့် အနိုင်ဂိုးသွင်းယူသွားခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း မန်စီးတီးတို့ နှစ်ကျော့ပေါင်း ၆-၅ ဂိုးနဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲကထွက်ခဲ့ရပါတယ်။ ပွဲအပြီးမှာတော့ မန်စီးတီးပရိသတ်တွေက ဂွါဒီယိုလာရဲ့ လူစားလဲပုံအပေါ် ဝေဖန်ခဲ့ကြပါတယ်။
ဂွါဒီယိုလာဟာ ဒီပွဲမှာ ဒဏ်ရာရသွားတဲ့ ဝေါ်လ်ကာအပါအဝင် ဒီဘရိုင်း၊ ဂျေးဆု၊ မာရက်ဇ်၊ ရိုဒရီတို့ကို ဇင်ချန်ကို၊ ဂွန်ဒိုဂန်၊ ဖာနန်ဒင်ဟို၊ စတာလင်တို့ကို ထည့်သွင်းခဲ့ပါတယ်။ အချို့ပရိသတ်တွေကတော့ ဒီဘရိုင်းကို စောစောစီးစီး လူစားလဲတဲ့အပေါ် ဂွါဒီယိုလာကို ဝေဖန်နေသလို၊ အချို့ကလည်း ဂွါဒီယိုလာကိုရော၊ ဒီဘရိုင်းကိုပါ ဝေဖန်လျက်ရှိပါတယ်။
မန်စီးတီးပရိသတ်တယောက်ကလည်း talkSPORT ရဲ့ ဆွေးနွေးခန်းကတဆင့် “ဘုတ်အဖွဲ့အနေနဲ့ သေချာပေါက် ပြုပြင်ပြောင်းလဲမှုတွေ လုပ်သင့်ပါပြီ။ ဒီလို အဆင့်အတန်းမျိုးမှာ နိုင်ပွဲရအောင် ယူနိုင်တဲ့နည်းပြမျိုးကို ကျနော်တို့ လိုအပ်ပါတယ်။ ပြည်တွင်းမှာ အောင်မြင်မှုအားလုံးရပြီးပါပြီ”
“ဒါပေမယ့် ကျနော်တို့ ချန်ပီယံလိဂ်မှာတော့ အောင်မြင်မှုမရရှိသေးပါဘူး။ ရလဒ်တခုထွက်အောင် လုပ်ပြနိုင်တဲ့ နည်းပြတယောက်ကို လိုအပ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒါဟာ ဂွါဒီယိုလာကို ရာထူးကနေ ထုတ်ပယ်ပြီး အခြားနည်းပြတယောက်နဲ့ အစားထိုးဖို့ ဆိုလိုရင်းပဲဖြစ်ပါတယ်။
ဂွါဒီယိုလာဟာ ပြည်တွင်းမှာ မန်စီးတီးအတွက် စံချိန်တင်အောင်မြင်မှုတွေ ရယူပေးနေပေမယ့် ချန်ပီယံလိဂ်မှာတော့ အောင်မြင်မှုနဲ့ လွဲချော်နေဆဲပါ။ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်မှာလည်း ဗိုလ်လုပွဲတက်နိုင်ခဲ့သည့်တိုင် ချဲလ်ဆီးကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ဖလားနဲ့ လွဲချော်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာလည်း ဂွါဒီယိုလာတယောက် ကွင်းလယ်ခံစစ်ကို ထည့်မသုံးခဲ့တာကြောင့် ဝေဖန်မှုတွေ ခံခဲ့ရပါသေးတယ်။