ဒီလိုအချိန်တွေမှာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကြုံရတတ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ကြုံလာတဲ့အခါမှာ ကိုယ်တိုင်ကရော ပတ်ဝန်းကျင်ကပါ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာဖြစ်နေတာကို မသိကြဘဲ ဘာသိဘာသာနေနေတတ်ကြပါတယ်။ စိတ်ပိုင်းဆိုင်ရာမှာထိခိုက်နာကျင်ခံစားရတဲ့အခါမျိုးမှာ ကိုယ်တိုင်တောင် မသိလိုက်ပါဘဲ ရင့်သီးတဲ့ အပြုအမူအပြောအဆိုတွေ ပြောဆိုမိတာ တုံ့ပြန်မိတာ ဒါမှမဟုတ်လည်း လူတွေနဲ့ ဝေးအောင်နေပစ်တာ ဒီလိုမျိုးတွေ ပြုလုပ်တတ်ကြပါတယ်။ 



စိတ်ပိုင်းဆိုင်ရာထိခိုက်မှုပြင်းထန်လေလေ စိတ်ကျန်းမာရေးမှာ ပိုပြီးဆိုးရွားလာလေလေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် စိတ်ကျန်းမာရေးပြဿနာတွေ ဖြစ်နေပြီဆိုရင် အမြန်ဆုံးသိရှိပြီး ကုသမှုမြန်မြန်ဆန်ဆန် ခံယူလိုက်တာက အကောင်းဆုံးပါ။ 

စိတ်ကျန်းမာရေးပြဿနာတွေကို ဘယ်အချိန်တွေမှာ အတွေ့များတတ်သလဲဆိုရင် များသောအားဖြင့်တော့ 



မျှော်လင့်မထားတဲ့ ဖြစ်ရပ်တွေနဲ့ ရင်ဆိုင်ရချိန် 


မိမိရဲ့မျှော်လင့်ချက်နဲ့လက်တွေ့အဖြစ်အပျက်‌တွေ ကွာခြားချက်ကြီးမားတာတွေ၊ ကိုယ်ကြိုတင်မမျှော်လင့်ထားတဲ့ အခက်အခဲတွေ၊ အဆင်မပြေမှုတွေကို ရုတ်တရက် ကြုံတွေ့ရတဲ့ အခြေအနေမျိုးတွေမှာ စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားမှုတွေ ၊ စိတ်ကျန်းမာရေး ပြဿနာတွေ အဓိက တွေ့ကြုံခံစားရလေ့ရှိတတ်ကြပါတယ်။



တန်ဖိုးထားမြတ်နိုးရတဲ့ အရာကိုဆုံးရှုံးသွားချိန် 


ကိုယ်မြတ်နိုးတန်ဖိုးထားတဲ့အရာကိုလက်လွှတ်ဆုံးရှုံးသွားချိန်၊ ကိုယ်ချစ်ခင်မြတ်နိုးရတဲ့ တစ်စုံတစ်ယောက်ဆုံးပါးသွားချိန်မှာလည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရင်ဆိုင်ကြုံတွေ့ရတတ်ပါတယ်။ ချစ်ရခင်ရသူ၊ ဆွေမျိုးသားချင်း ၊ ချစ်သူ ၊ မိဘမောင်ဖွား စတာတွေတင်သာမက ကိုယ့်ရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေ ဆုံးပါးသွားချိန်မှာတောင်မှပဲ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ခံစားရတတ်ပါတယ်။ 



စီးပွားရေးကြပ်တည်းခက်ခဲချိန် 


စားဝတ်နေရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြပ်တည်းလာတဲ့အချိန်မျိုးတွေမှာလည်း စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ဖြစ်ပေါ်လာပါတယ်။ စီးပွားရေးချွတ်ခြုံကျလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်တာ ၊ အလုပ်ပြုတ်သွားလို့  မခံမရပ်နိုင်အောင်ဖြစ်တာ ချမ်းသာတဲ့သူတွေနဲ့ လူလတ်တန်းစားတွေမှာ ဒီလို စိတ်ပိုင်းဆိုင်ရာထိခိုက်မှုမျိုးကြုံနိုင်သလို ဆင်းရဲသူတွေမှာလည်း စားဝတ်နေရေးခက်ခဲမှုတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ 



မိသားစုပြိုလဲသွားချိန်


တန်ဖိုးထားမြတ်နိုးရတဲ့ အရာကို ဆုံးရှုံးသွားချိန်နဲ့ ဆင်တူပါတယ်။ ကိုယ့်ဇနီးနဲ့ ကွာရှင်းလိုက်ရတာ ၊ ကိုယ့်ခင်ပွန်းနဲ့ ကွာရှင်းလိုက်ရတာ ။ ကိုယ့်သားသမီးနဲ့ မခွဲချင်ဘဲ ခွဲနေရတာ စတဲ့ အချိန်တွေမှာလည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်ခံစားရတတ်ပါတယ်။


ကိုယ်လက်အင်္ဂါချို့ယွင်းသွားချိန်


မွေးရာပါ ကိုယ်လက်အင်္ဂါချို့ယွင်းသူတွေမှာတောင် စိတ်ဓာတ်ကျတာ ၊ စိတ်အနာတရဖြစ်တာတွေ ရှိတတ်ပါတယ်။ နဂိုရှိရင်းစွဲအကောင်းကြီးကနေ ကြီးမားတဲ့ မတော်မဆတစ်ခုခုကြောင့် ကိုယ့်ရဲ့ ခြေလက်အင်္ဂါတစ်ခုခုမှာ ကုသမရနိုင်လောက်အောင် ချို့ယွင်းသွားတာ ( ဉပမာ မျက်စိမမြင်ရတော့တာ ၊ နားမကြားရတော့တာ ၊ ခြေ/လက် ဖြတ်ပစ်လိုက်ရတာ ) စတာတွေကလည်း စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိခိုက်သွားစေနိုင်လောက်တဲ့ အရာတွေပါပဲ။


အကြမ်းဖက်မှုခံရတာ

နောက်ဆုံးတစ်ခုကတော့ အကြမ်းဖက်မှုခံရတာကြောင့် စိတ်ပိုင်းဆိုင်ရာ နာကျင်ခံစားရတဲ့အခြေအနေပါ။ ကိုယ့်ရဲ့ ရင်းနှီးချစ်ခင်သူတစ်ဦးဦး (ဉပမာ - မိဘဆွေမျိုးသားချင်း တွေရဲ့ အနိုင်ကျင့်နှိပ်စက်မှုတွေ၊ သူငယ်ချင်းအချင်းချင်း ပြစ်တင်ဝေဖန်ပြောဆိုခံရမှုတွေ) စတာတွေအပြင် အိမ်တွင်းအကြမ်းဖက်မှု ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ၊ အရွယ်မတိုင်ခင် အကြမ်းဖက်ခံရမှုတွေ၊ လုပ်ငန်းခွင်အကြမ်းဖက်မှု စတဲ့ အမျိုးမျိုးသော အကြမ်းဖက်ခံရမှုတွေထဲက တစ်ခုခုကို ရင်ဆိုင်ကြုံတွေ့ချိန်တွေမှာလည်း စိတ်ပိုင်းဆိုင်ရာ နာကျင်ခံစားရနိုင်ပါတယ်။


ဒီလိုနာကျင်ခံစားရမှုတွေဟာ ပြင်းထန်လာတာနဲ့အလျောက် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးဟာလည်း ဆိုးရွားမှုတွေကလည်း ဆိုးသထက်ဆိုးလာပါတော့တယ်။ ဒီလို စိတ်ကျန်းမာရေးပြဿနာတွေဖြစ်နေပြီဆိုတာ သိပြီဆိုတာနဲ့ စောစော ကုသမှုခံယူမယ်ဆိုရင်တော့ စိတ်ကျန်းမာပျော်ရွှင်လာမှာ သေချာပါတယ်။

ဖော်ပြပါသတင်းဆောင်းပါးပါ အချက်အလက်များသည် Duwun Community Voice အစီအစဉ်မှ စိတ်ကျန်းမာရေးနယ်ပယ်က Lay-Counselor တစ်ဦးဖြစ်တဲ့ မထားအိရဲ့ အကြံပြုချက်များကို ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က