ပီအက်စ်ဂျီကွင်းလယ်ကြယ်ပွင့်ဟောင်း အဲရစ် ရာဘီဆန်ဒရာတာနာက လီယွန်နယ် မက်ဆီဟာ အာဂျင်တီးနားနဲ့တုန်းကလိုမျိုး စိတ်ပိုင်းဖြတ်မှုမျိုးမရှိဘဲ ပီအက်စ်ဂျီရဲ့ စီမံကိန်းနဲ့ အံမဝင်ဘူးလို့ ပြောကြားခဲ့ပါတယ်။
မက်ဆီဟာ ၂၀၂၁ ခုနှစ်မှာ ဘာစီလိုနာအသင်းကနေ အလွတ်နဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး လာမယ့် ဇွန်လမှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်တာကြောင့် အနာဂတ်နဲ့ပတ်သက်ပြီးမရေမရာဖြစ်နေတာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဘလွန်ဒေါ ၇ ဆုရှင်ကို စာချုပ်သစ် ချုပ်ဆိုသွားဖို့ ဆုံးဖြတ်ထားပြီး မက်ဆီရဲ့ ပီအက်စ်ဂျီက အနာဂတ်နဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ ရာဘီဆန်ဒရာတာနာက အာဂျင်တီးနားကြယ်ပွင့်ရဲ့ ကိန်းဂဏန်းက ကောင်းမွန်ခဲ့တယ်ဆိုတာကို သိရှိနေပေမယ့် စိတ်ပိုင်းဖြတ်မှုမျိုး ရှိသင့်သလောက် မရှိဘူးလို့ ယုံကြည်နေတာဖြစ်ပါတယ်။
“ခင်ဗျား လီယွန်နယ် မက်ဆီအကြောင်း ပြောတဲ့အခါမှာ သတိထားရမှာပါ။ ခင်ဗျား သူ့ရဲ့ ကိန်းဂဏန်းတွေကို ကြည့်လိုက်ရင် သူက ၆၅ ပွဲကနေ သွင်းဂိုး ၂၉ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃၁ ကြိမ် ပြုလုပ်နိုင်ခဲ့တယ်။ သူက အဲဒါကြောင့် အဆုံးအဖြတ်ပေးနိုင်တယ်လို့ ထင်ကြမယ်။ အဲဒါက သူ့ရဲ့ စံနှုန်းအတွှင်းမှာရှိပါတယ်။ အခု ပီအက်စ်ဂျီမှာ စီမံကိန်းရှိနေပြီး အဲဒါက ချန်ပီယံလိဂ်ဖလား အနိုင်ရရှိဖို့ပါ။ အဲဒီတော့ ကျွန်တော်တို့ ဒီလိုပွဲစဉ်မျိုးကို ပီအက်စ်ဂျီ-ရင်းနေး ပွဲစဉ်ထက် ပိုပြီးတော့ ဂရုစိုက်ရမှာပါ။ ဒီလိုအဆင့်အတန်းမှာ လီယွန်နယ် မက်ဆီနဲ့ပတ်သက်ပြီး ကျွန်တော်တို့ စိတ်ပျက်နိုင်ပါတယ်။ ဒါက ကျွန်တော်တို့ ဆက်ပြီးတော့ ဆာလောင်နေတယ်ဆိုတာကို ပြသနေတာပါ။ ကျွန်တော်တို့ မက်ဆီ ဆီကနေ အရမ်းကြီးမားတဲ့ စိတ်ပိုင်းဖြတ်မှုမျိုး မခံစားရပါဘူး။
ကျွန်တော်တို့ အဲဒါကို ကမ္ဘာ့ဖလားတုန်းက အာဂျင်တီးနားနဲ့ မြင်တွေ့ခဲ့ရပါတယ်။ တစ်သင်းလုံးက သူ့အတွက် ကစားပေးနေတာတောင်မှ သူက စိတ်ပိုင်းဖြတ်ထားခဲ့တယ်။ ကျွန်တော်တို့ စိတ်ဆန္ဒပြင်းပြမှုကို ခံစားမိခဲ့တယ်။ အဲဒါက ပထမရာသီကထက် ဒီရာသီမှာ နည်းနည်းပိုကောင်းလာခဲ့တယ်။ ဒါပေမယ့် အဲဒါက မလုံလောက်ပါဘူး။ ကျွန်တော်တို့ လီယွန်နယ် မက်ဆီကနေ အများကြီး ပိုပြီး မျှော်လင့်ထားပါတယ်။ သူ့ရဲ့ ကိန်းဂဏန်းအချက်အလက်တွေအပြင်ပေါ့။ အသင်းပိုင်ရှင်တွေက စာချုပ်သက်တမ်းတိုးချင်နေကြတယ်။ ဒါပေမယ့် သူက ပီအက်စ်ဂျီစီမံကိန်းနဲ့ အံမဝင်ဘူးဆိုတဲ့ ခံစားချက်မျိုးရှိတယ်။ ကျွန်တော်တို့ ပိုပြီး စိတ်ပိုင်းဖြတ်ထားနိုင်တဲ့ ကစားသမားမျိုးတွေ လိုအပ်ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။