အစစအရာရာ ခက်ခဲကြပ်တည်းနေတဲ့ ဒီလိုကာလကြီးမှာ လူတွေဟာလည်း အဆင်မပြေတာတွေများလာတဲ့အလျောက် စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားရတာတွေ များသထက်များလာပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်ဖို့ဆိုတာ ဒီကာလမှာ အထူးလိုအပ်တဲ့အရာပါ။ စိတ်ကျန်းမာရေး ဝန်ဆောင်မှုတွေဟာလည်း ဒီကာလမှာပိုတောင်များလာသလို ပိုလည်းလိုအပ်လာပါတယ်။
စိတ်ပိုင်းဆိုင်ရာဝန်ဆောင်မှုတွေက ဘာ့ကြောင့်အရေးပါတာလဲ
ဒီကာလမှာ ကြုံတွေ့ ရင်ဆိုင်နေရတဲ့ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနဲ့ COVID 19 ပဋိပက္ခအခြေအနေတွေ၊ ကျန်းမာရေးကိစ္စတွေက လူတိုင်းလိုလိုရဲ့ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက် စေပါတယ်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်းတွေဟာ ထိရှလွယ်ပြီး အရာရာကို စိတ်တိုင်းမကျဖြစ်စေပြီး နေ့ရက်တိုင်းက အဆင်မပြေဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ဒီလို စိတ်ပိုင်းဆိုင်ရာ ဟန်ချက်လွဲနေတာကို ပြန်လည်ပြေလျော့စေဖို့၊ စိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုတွေပေးနိုင်ဖို့ စိတ်ကျန်းမာရေး ၀န်ဆောင်မှုတွေက အရေးပါပါတယ်။
စိတ်ကျန်းမာရေး ဝန်ဆောင်မှုတွေက ဘယ်လိုကူညီနိုင်လဲ
စိတ်ကျန်းမာရေးဝန်ဆောင်မှုပေးတဲ့သူတွေက ကိုယ်ရဲ့ ကိုယ့်စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို ပြန်လည်နားလည်လာအောင်၊ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်နိုင်အောင်၊ ဒီကမှတဆင့် ကိုယ်တွေ့ကြုံခံစားနေရတဲ့ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ကိုယ်တိုင်ရှာဖွေနိုင်အောင် ကူညီပေးမှာဖြစ်ပါတယ်။
ဘယ်လိုအကူအညီရယူနိုင်မှာလဲ
ဒီလိုစိတ်ပိုင်းဆိုင်ရာ ကူညီပေးမှုတွေကို စိတ်ပိုင်းဆိုင်ရာဝန်ဆောင်မှုပေးနေတဲ့ အဖွဲ့အစည်းတွေကနေတဆင့် တစ်ဦးချင်း လူကိုယ်တိုင်ဖြစ်စေ၊ Zoom ကတစ်ဆင့် နားထောင် ဆွေးနွေးပေးခြင်းအပြင်၊ အပြန်အလှန်စာပို့ဆွေးနွေးပေးခြင်း၊ ဖုန်းခေါ်ဆိုဆွေးနွေးပေးခြင်း စတဲ့ အကူအညီတွေကို ရယူနိုင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုခံယူတယ်ဆိုတာ
လူတိုင်းမှာ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေ အနည်းနဲ့ အများရှိတတ်ကြပါတယ်။ နေ့တိုင်း မှာကိုယ်ခံစားတွေ့ကြုံနေတဲ့ အရာတွေကို အချင်းချင်းပြောဆိုတိုင်ပင်နေကြတာက စိတ်ကို အဆင်ပြေကျန်းမာစေပါတယ်။ စိတ်ခံစားမှုတွေကြီးမားလာတဲ့အခါဖွင့်ဟပြောပြဖို့ ယုံကြည်ရတဲ့လူကို ရှာတွေဖို့ ခက်နေသူတွေ၊ စိတ်ခံစားနေရတာတွေကို ဖြေလျော့ချင်သူတွေ၊ စိတ်ပိုင်းဆိုင်ရာမှာ ကူညီအားပေးဖို့ လိုတဲ့သူတွေအနေနဲ့ အပြန်အလှန်အချင်းချင်း မရှက်မကြောက်ဘဲ ဖွင့်ဟပြောဆိုဖို့ လိုအပ်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့အကူအညီပေးမှုတွေကို ရယူတာ ၊ နှစ်သိမ့်ဆွေးနွေးခံယူတာတွေဟာ စိတ်ပိုင်းဆိုင်ရာနာမကျန်းဖြစ်မှုတွေကို ထိထိရောက်ရောက် ကုသနိင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ အကူအညီလိုအပ်သူတွေအနေနဲ့ နှစ်သိမ့်ဆွေးနွေးမှုယူပြီး စိတ်ကျန်းမာရေးကောင်းမွန်ကျန်းမာအောင် ဆောင်ရွက်နိုင်ပါတယ်။
ဖော်ပြပါသတင်းဆောင်းပါးပါ အချက်အလက်များသည် Duwun Community Voice အစီအစဉ်မှ စိတ်ကျန်းမာရေးဆရာဝန် ဒေါက်တာကျော်မင်းဦးရဲ့ အကြံပြုချက်များကို ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။