စပါးနဲ့ ဘရာဇီးလက်ရွေးစင်တိုက်စစ်မှူး ရစ်ချာလီဆန်ဟာ သူ့အနေနဲ့ စိတ်ပိုင်းဆိုင်ရာအတွက်ပါ လိုအပ်တဲ့ ကုသမှုတွေ ခံယူမှာဖြစ်ကြောင်း ဖွင့်ဟ ပြောကြားလိုက်ပါတယ်။ ရစ်ချာလီဆန်ဟာ စပါးမှာရော၊ ဘရာဇီးမှာပါ ဂိုးပေါက်ပျောက်ဆုံးခဲ့တာပါ။
ဒါ့အပြင် ရစ်ချာလီဆန်ဟာ ပြီးခဲ့တဲ့ နိုင်ငံတကာရက်သတ္တပတ်မှာလည်း ဘရာဇီးအတွက် ကစားပေးရင်း လူစားလဲခံလိုက်ရတဲ့နောက် အရန်ခုံတန်းမှာ ငိုကြွေးနေခဲ့ပါတယ်။ ဘိုလစ်ဗီးယားနဲ့ပွဲမှာ ဘရာဇီးတို့ ဂိုးမိုးရွာခဲ့ပေမယ့် ရစ်ချာလီဆန်ကတော့ တစ်ဂိုးမှ သွင်းယူနိုင်ခဲ့ခြင်း မရှိပါဘူး။
အဲ့ဒါကြောင့်လည်း ရစ်ချာလီဆန်က “ပြီးခဲ့တဲ့ငါးလအတွင်း ကွင်းပြင်ပအချိန်တွေက ခက်ခဲခဲ့ပါတယ်။ အခုချိန်မှာတော့ အရာအားလုံးက အဆင်ပြေသွားခဲ့ပြီး ကျွန်တော့်ကို ငွေတစ်ခုတည်း ကြည့်ခဲ့တဲ့သူတွေက အနားမှာ မရှိတော့ပါဘူး”
“အခု အရာအားလုံး နေသားတကျဖြစ်လာဖို့ရှိပြီး စပါးမှာ ပုံစံကောင်းပြရင်း ဒီအရာတွေ လက်တွေ့ဖြစ်အောင် လုပ်ရမှာပါ။ ကျွန်တော် အင်္ဂလန်ကို ပြန်ရောက်ရင် စိတ်ရောဂါအထူးကုနဲ့ ပြဿနာကို အဖြေရှာသွားမှာဖြစ်ပါတယ်။ ကျွန်တော့်စိတ်ပိုင်းဆိုင်ရာအတွက် ကျွန်တော် အလုပ်လုပ်မှာပါ”
“အဲ့ဒီနောက်မှာတော့ ကျွန်တော် ပိုမိုသန်မာတဲ့ပုံစံနဲ့ ပြန်လာခဲ့ပါမယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ စပါးဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဟယ်ရီကိန်းကို လက်လွှတ်ခဲ့ရတဲ့နောက် ရစ်ချာလီဆန်ကို အဓိကတိုက်စစ်မှူးအဖြစ် အသုံးပြုသွားဖို့ ပြင်ဆင်ထားပါတယ်။ ဒါပေမယ့်လည်း ရစ်ချာလီဆန်ကတော့ တော်တော်လေးကို စိတ်ပျက်စရာအခြေအနေတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။