စိတ်ပင်ပန်းလို့ အပန်းဖြေခရီးတွေခဏခဏသွားနေပေမယ့် အလုပ်ကိစ္စတွေ၊ မိသားစုအရေးတွေကြောင့် စိတ်ဖိစီးမှုတွေများနေတတ်တဲ့သူတယောက်ဆိုရင်တော့ အပန်းဖြေခရီးတွေဟာ အပန်းမပြေတဲ့အပြင် ပိုပြီးပင်ပန်းနွမ်းနွယ်စေမှာပါ။
ခုလိုအင်တာနက်ထွန်းကားပြီး အချိန်နဲ့အမျှအလုပ်လုပ်ရတဲ့ လူမှုပတ်ဝန်းကျင်ဖြစ်လာတာနဲ့အညီ စိတ်မချမှုတွေ၊ ပင်ပန်းနွယ်နယ်မှုတွေနဲ့၊ စိတ်သောကတွေဖြစ်လေ့ဖြစ်ထရှိတာဟာ ဆန်းတော့မဆန်းပါဘူး။ ဒီလိုပူပန်မှုတွေဟာ လူအတော်တော်များများ ဖြစ်လေ့ဖြစ်ထရှိတာမို့ အားငယ်စရာမလိုသလို စိတ်ပူပန်မှုတွေကို လျော့ကျစေဖို့ နည်းလမ်းတွေလည်းရှိနေတာကြောင့် ကြိုးစားပြီးရုန်းထွက်နိုင်မှာပါ။ ဒါကြောင့် ခရီးသွားရင်းဖြစ်တတ်တဲ့ စိတ်ပူပန်မှုတွေလျော့ပါးစေပြီး စစ်မှန်တဲ့အပန်းဖြေခရီးတွေဖြစ်လာစေဖို့အတွက် လုပ်ဆောင်သင့်တဲ့နည်းလမ်းလေးတွေကိုမျှဝေပေးလိုက်ရပါတယ်။
အချိန်ပိုယူပါ
ခရီးသွားသူတိုင်းဖြစ်လေ့ဖြစ်ထရှိတဲ့ ရိုးရှင်းတဲ့ပူပန်မှုတစ်ခုကတော့ အချိန်မလောက်တာပါပဲ။ ဘယ်အချိန်ဆိုရင် ဘယ်ကိုရောက်ရမယ်။ ဘယ်အချိန်ဆိုရင် အိမ်ပြန်ရမယ် စသည်ဖြင့်အတိအကျသတ်မှတ်ထားတတ်ကြပါတယ်။ ဒါကြောင့် ကိုယ်ကနေရာသစ်တခုကိုရောက်တိုင်း နောက်ကျမှာစိုးရိမ်တဲ့ စိတ်နဲ့ဖြတ်သန်းနေရတာ ပိုပြီးပင်ပန်းစေမှာပါ။ ဒီလိုမျိုးပူပန်မှုကို ဖြေရှင်းနိုင်တဲ့နည်းလမ်းကတော့ ဘယ်ခရီးကိုပဲသွားပါစေ၊ သင့်အတွက် သီးသန့်အချိန်တခုကို ပိုမိုတွက်ချက်ထားပြီး နောက်ကျလည်း ကိုယ်လုပ်ချင်တာကို မြန်မြန်နဲ့မှန်မှန် လုပ်လိုက်တာက ကျေနပ်စရာအတွေ့အကြုံတခုကို ပေးစွမ်းနိုင်မှာအမှန်ပါ။
စိန်ခေါ်မှုတွေအတွက် ကြိုတင်ပြင်ဆင်ပါ
အိမ်ပြန်ရောက်ခါနီးမှကားပျက်သွားတာ၊ စားသောက်ဖို့အတွက် ဈေးဆိုင်တွေမဖွင့်တော့တာ၊ ရေအိမ်ရှာမရတာစတဲ့ စိန်ခေါ်မှုအသေးစားလေးတွေကစလို့ ပိုက်ဆံအိတ်ကျပျောက်တာလိုမျိုး အရေးပေါ်ကိစ္စတွေအထိ ခရီးသွားတဲ့အခါ မမြင်နိုင်တဲ့ စိန်ခေါ်မှုတွေဖြစ်လာတတ်ပါတယ်။ ဒီလိုစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့အတွက်ဆိုရင်တော့ ပိုက်ဆံအိတ်လိုမျိုး အရေးကြီးတဲ့ အသုံးအဆောင်တွေကို ကိုယ်နှင့်မကွာ ဆောင်ထားပြီး ဘာဖြစ်ရင်ဘယ်သူ့ကိုအကူအညီတောင်းမယ်၊ ဘာဆက်လုပ်မယ် စသဖြင့် ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်နော်။ သွားရမယ့်နေရာနှင့် ပတ်သက်ပြီး လေ့လာစူးစမ်းမှုတွေကြိုလုပ်ထားတာလည်း ကောင်းတဲ့အလေ့အကျင့်တခုပါပဲ။
အာရုံလွှဲပါ
ခရီးသွားနေရင် ပူပန်စရာတွေကိုတွေးမိပြီး စိတ်သွားတိုင်းကိုယ်မပါတဲ့အချိန်မျိုးတွေဟာလည်း ခရီးသွားသူတိုင်းဖြစ်တတ်ပါတယ်။ ဒီလိုမျိုး ဖြစ်လာခဲ့ရင် ပူပန်မှုတွေကနေအာရုံလွှဲဖို့ လိုအပ်လာပါပြီ။ ဒီအတွက် စိတ်ဝင်စားစရာ စာအုပ်တစ်အုပ်ကိုယူပြီး ဖတ်နေတာမျိုး၊ အကြိုက်ဆုံးသီချင်းကိုနားထောင်ပြီး လမ်းလျှောက်ပေးတာမျိုးတွေက စိတ်ကိုပြန်လည်လန်းဆန်းစေဖို့ အကောင်းဆုံးနည်းလမ်းတွေပါပဲနော်။
အသက်ရှုလေ့ကျင့်ခန်းလုပ်ပါ
ဒါကတော့ ခရီးသွားရင်းပင်ပန်းလာတဲ့အခါနဲ့ အရေးပေါ်ကိစ္စလေးတွေပေါ်လာတဲ့အခါတိုင်းလုပ်ဆောင်ပေးဖို့ပါ။ အချိန် ၁၀ စက္ကန့်စာ သတ်မှတ်ပြီး အသက်ကို ခပ်ပြင်းပြင်း တစ်ခါ နှေးနှေးလေး တစ်ခါ ရှူရှိုက်ပေးဖို့လိုပါတယ်။ အဲဒီလိုလုပ်ဆောင်ပေးပြီးရင်တော့ လေးလံနေတဲ့ခံစားချက်တွေအားလုံးပျောက်ကင်းသွားပြီး ပေါ့ပါးသွားတာကို သတိထားမိမှာပါ။
အဖြေရှာပါ
နောက်ဆုံးအနေနဲ့ ကိုယ်ကခရီးသွားရင်း မဖြစ်မနေဆုံးဖြတ်ချက်ချရမယ်၊ ဖြေရှင်းရမယ် ကိစ္စလေးတွေပေါ်လာပြီ ဆိုပါစို့။ ဒါဆိုရင်ဘာဆက်လုပ်မလဲ။ လွယ်ပါတယ်။ ပြဿနာရဲ့အရင်းမြစ်ကိုအဖြေရှာလိုက်ပါ။ ဥပမာ ဒီကိစ္စဘာကြောင့်ဖြစ်လာရတာလဲ၊ ကိုယ်လိုချင်တဲ့ရလဒ်ကကောဘာလဲ စသဖြင့် ပိုင်းခြား အဖြေရှာပြီး ဆုံးဖြတ်ချက်ချမယ်၊ ဖြေရှင်းလိုက်မယ်ဆိုရင်တော့ နောက်ဆုံးမှာ ကျေနပ်စရာကောင်းပြီး မျှတတဲ့ အဖြေကိုရရှိပါလိမ့်မည်။
ဒီအချက်လေးတွေကို လိုက်နာကျင့်သုံးမယ်ဆိုရင်တော့ စိတ်ဖိစီးမှုကင်းပြီး ပျော်ရွှင်ဖွယ်ရာ ခရီးစဉ်ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။