စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေအကြောင်းပြောမယ်ဆိုရင် တစ်ထောင့်တစ်ညပုံပြင်လိုအခန်းဆက်တွေနဲ့မပြီးဆုံးနိုင်မယ့် ဇာတ်လမ်းမျိုးတွေဖြစ်သွားနိုင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုဆိုတာက မော်ဒန်ကမ္ဘာကြီးမှာ လူတိုင်းရှောင်လွှဲမရနိုင်တဲ့ ပြဿနာမျိုးဖြစ်နေလို့ပါ။ ဒါပေမယ့်လည်း ပြဿနာရှိရင် ဖြေရှင်းနည်းဆိုတာရှိရပါမယ်။ ဒီပြဿနာကို အကောင်းဆုံးကျော်လွှားဖြေရှင်းနိုင်မယ့် နည်းလမ်းပေါင်းများစွာကို ပညာရှင်တွေကလမ်းပြပြီးဖြစ်နေပေမယ့်လည်း အလွယ်ကူဆုံးနဲ့ လက်တွေ့အကျဆုံးနည်းလမ်းကိုတော့ သိရှိတဲ့သူနည်းပါးမှာပါ။ ဒီနည်းလမ်းတွေက ဘာတွေလဲဆိုတော့
စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုဆိုတာက ဘယ်လိုမျိုးလဲ
Photo: Indian Time
တကယ်တော့ စိတ်ဖိစီးမှုနဲ့စိုးရိမ်ပူပန်မှုဆိုတာမျိုးက လူရယ်လိုဖြစ်လာရင် ရှောင်လွှဲမရတဲ့အရာမျိုးပါ။ လူတိုင်း မလွှဲမသွေကြုံတွေ့ရမှာဖြစ်ပြီး ဘယ်လိုကျော်ဖြတ်မလဲဆိုတဲ့ခံယူချက်အပေါ်မူတည်ပြီး အောင်မြင်မှုနဲ့ကျရှုံးမှုကို အဆုံးအဖြတ်ပေးသွားတာမျိုးပါ။
စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုကို လူအများစုက အတူတူပဲလို့ ယူဆတတ်ကြပေမယ့် တကယ်တမ်းတော့ ကွဲပြားပါတယ်။ စိတ်ဖိစီးမှုဆိုတာမျိုးက ဘယ်လိုနယ်ပယ်မျိုးမှာမဆို ကိုယ်လုပ်ဆောင်နိုင်တာထက် ပိုတဲ့ တောင်းဆိုမှုမျိုးတွေဖြစ်လာတဲ့အခါ မိမိကိုယ်ကိုအားမရဘဲ ကျရှုံးနေပြီလို့တွေးထင်တာမျိုးကနေဖြစ်လာတတ်ပါတယ်။
စိုးရိမ်ပူပန်မှုဆိုတာကတော့ ကြောက်ရွံမှု၊ တွေးတောပူပန်မှုကနေအခြေခံပါတယ်။ ဖြစ်မလာမှာကြောက်တာ၊ အနာဂတ်ပျောက်မှာကြောက်တာ၊ မအောင်မြင်မှာ ဆုံးရှုံးမှာကို ထိတ်လန့်ကြောက်ရွံ့နေတတ်တာမျိုးပါ။ တစ်ခါတစ်လေမှာ မပြင်းထန်တတ်ပေမယ့် တစ်ခါတစ်လေမှာတော့ ဘဝကိုအရှုံးပေးလိုက်တဲ့အထိကို ခံစားချက်ပြင်းထန်စေတတ်ပါတယ်။
ဘယ်လို ခံစားရတတ်သလဲ
Photo: South China Morning Post
စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကိုစပြီးခံစားလာရပြီဆိုရင် ဘယ်လိုလက္ခဏာမျိုးတွေပြတတ်သလဲ။ ဒီမေးခွန်းက ဖြေရခက်ပါတယ်။ လူတစ်ဦးနဲ့တစ်ဦးတုံ့ပြန်ပုံမတူတဲ့အတွက်ပါ။
စိတ်ဖိစီးမှုအတွက်ကတော့ ဘာကြောင့်ဖြစ်နေသလဲဆိုတာမြင်သာနိုင်ပေမယ့် စိုးရိမ်ပူပန်မှုကတော့ တစ်ခါတစ်လေမှာ ဘာကြောင့်မှန်းမသိဘဲ ခံစားနေရတာမျိုးတွေရှိတတ်ပါတယ်။ " စိုးရိမ်ပူပန်မှုက တစ်ခါတစ်လေမှာ ဘာကြောင့်စိုးရိမ်နေသလဲဆိုတာကို သေချာမသိဘဲနဲ့ အသက်ရှူမြန်တာမျိုး၊ နှလုံးခုန်မြန်တာမျိုး၊ အမြင်အာရုံဝေဝါးတာမျိုးစတဲ့ ခန္ဓာကိုယ်တုံ့ပြန်မှုမျိုးတွေကိုပဲ သတိပြုမိတာမျိုးဖြစ်ကောင်းဖြစ်နိုင်ပါတယ်။"လို့ Marble Psychological Service ရဲ့ Counselor မကြူလဲ့သူက ဆိုပါတယ်။
ဘယ်လောက်အထိဆိုးလာနိုင်သလဲ
စိတ်ဖိစီးမှုနဲ့စိုးရိမ်ပူပန်မှုမျိုးတွေကြုံတွေ့လာရပြီဆိုရင် ဖြစ်လာတတ်တဲ့ လက္ခဏာတွေကတော့ ခေါင်းမူးခေါင်းကိုက်တာမျိုး၊ အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာ ပြဿနာမျိုး၊ နှလုံးခုန်မြန်တာမျိုး၊ ရင်ဘတ်အောင့်တာမျိုး၊ ချွေးစေးပြန်တာမျိုးတွေဖြစ်တတ်ပါတယ်။
စိတ်ပိုင်းဆိုင်ရာအနေနဲ့ဆိုရင်တော့ အာရုံစူးစိုက်ရခက်ခဲတာမျိုး၊ စိတ်အလိုမကျတာမျိုး၊ ဆုံးဖြတ်ချက်ချဖို့ ခက်ခဲလာတာမျိုး၊ လူတွေကိုရှောင်ဖယ်ပြီး တစ်ကိုယ်တည်းနေချင်လာတာမျိုးတွေဖြစ်လာတတ်ပါတယ်။
ဖြေရှင်းနိုင်မယ့် အလွယ်ဆုံးနည်းလမ်း(၂)မျိုး
Photo: Dreamstime
ရေတိုနဲ့ရေရှည်ဖြေရှင်းနည်းလမ်း(၂)မျိုးရှိပါတယ်။ ရေတိုကတော့ အင်မတန်လွယ်ကူရှင်းလင်းပါတယ်။ စိတ်ဖိစီးမှု ဒါမှမဟုတ် စိုးရိမ်ပူပန်မှုတွေခံစားလာရပြီဆိုရင် အသက်ရှူသွင်း၊ ရှူထုတ်တာမျိုးကို နည်းလမ်းတကျလုပ်ဆောင်နိုင်ပါတယ်။ ဒါမှမဟုတ် နောက်ထပ်နည်းလမ်းတစ်ခုကတော့ လက်ရှိကိုယ်ခံစားနေရတဲ့ ဝန်းကျင်ကနေရှောင်ဖယ်တာမျိုးပါ။ လမ်းထလျှောက်တာ၊ ဒါမှမဟုတ် သဘာဝနဲ့နီးစပ်တဲ့ ပန်းခြံလိုနေရာမျိုးမှာ သွားထိုင်နေတာမျိုးက ရေတိုအတွက် အကောင်းဆုံးဖြေရှင်းနည်းပါ။
ရေရှည်နည်းလမ်းကတော့ ကိုယ့်ကိုကိုယ်မေးခွန်းထုတ်ဆန်းစစ်ပါ။ ဘယ်အချိန်မှာဖြစ်တတ်သလဲ၊ ဘာကြောင့် အဖြစ်များသလဲ၊ ဘယ်လိုဆိုရင်သက်သာစေနိုင်သလဲ မေးခွန်းထုတ်ဖို့လိုပါတယ်။
ပြီးတော့ လုပ်ဆောင်နိုင်စွမ်းနဲ့ပတ်သက်ပြီး ကိုယ်ဘယ်လောက်အထိလုပ်နိုင်သလဲ ၊ ဘယ်လောက်အထိ လုပ်တတ်သလဲဆိုတာကို သေချာသိဖို့လိုပါတယ်။ မလုပ်နိုင်တာတွေကို အတွေးထဲက ထုတ်ပစ်ပါ။
နောက်တစ်ချက်ကတော့ ကိုယ့်ကိုကိုယ်ဂရုစိုက်ဖို့လိုပါတယ်။ ကိုယ့်ကိုကိုယ်ဂရုစိုက်တာကတစ်ကိုယ်ကောင်းဆန်တာမဟုတ်ပါဘူး။ အာဟာရမျှတအောင်စားပါ။ အိပ်ရေးဝအောင်အိပ်ပါ။ ချစ်ခင်သူတွေနဲ့ တွေ့ဆုံစကားပြောပါ။ အခက်အခဲကြုံရင် အကူအညီရယူပါ။
စိတ်ဖိစီးမှုနဲ့စိုးရိမ်ပူပန်မှုဆိုတာက ပြဿနာမဟုတ်ပါဘူး။ ဖြေရှင်းနိုင်ဖို့ကြိုးစားရမယ့်အရာတွေပါ။ လူတိုင်း စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို ကျော်ဖြတ်နိုင်မှသာ ဘဝမှာကိုယ်အရောက်သွားချင်တဲ့ ပန်းတိုင်ကို အရောက်သွားနိုင်မှာဖြစ်ပါတယ်။
Share