ဝုလ်ဗ်ကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့တာပါ။

ချဲလ်ဆီးနည်းပြ ပိုချက်တီနိုက ဝုလ်ဗ်ကို ၂-၁ ဂိုးနဲ့ အရေးနိမ့်တာက စိတ်ပျက်ဖို့ကောင်းတဲ့ ရလဒ်ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ ချဲလ်ဆီးဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ ဝုလ်ဗ်ကို အရေးနိမ့်ခဲ့တာပါ။



ဒါဟာ ချဲလ်ဆီးအတွက်တော့ နောက်ဆုံး အဝေးကွင်း (၄) ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့တာဖြစ်ပြီး ပိုချက်တီနိုအတွက်လည်း ဖိအားတွေ များပြားလာခဲ့ပါတယ်။ ချဲလ်ဆီးဟာ ရာသီတစ်ဝက်ကျိုးတဲ့အချိန်အထိ အမှတ်ပေးဇယားရဲ့ အဆင့် (၁၀) နေရာမှာပဲ တဝဲလည်လည် ဖြစ်နေခဲ့တာပါ။
ချဲလ်ဆီးတို့ ဒီပွဲမှာ အပိုင်အခွင့်အရေးအချို့ ရရှိခဲ့ပေမယ့်လည်း တိုက်စစ်ပိုင်းက အသုံးမချနိုင်ခဲ့တာကြောင့်လည်း အခုလိုမျိုး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပိုချက်တီနိုက “ရလဒ်ကတော့ တကယ်ကို စိတ်ပျက်ဖို့ကောင်းတာပေါ့ဗျာ။ ဒီရလဒ်ထက် ပိုထိုက်တန်တာကို ရသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်မှာတော့ အချက်အလက်တွေက ဖုံးကွယ်ထားလို့ မရပါဘူး”

“ပရီးမီးယားလိဂ်လိုပြိုင်ပွဲမျိုးမှာ လုံလောက်တဲ့ စွမ်းဆောင်မှုမျိုးကို မပြသနိုင်ခဲ့ဘူးဆိုရင် ရလဒ်အပေါ် စောဒကတက်နေလို့ မရပါဘူး။ ပထမပိုင်းမှာ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ဘူး၊ ဝုလ်ဗ်ကိုလည်း ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်တောင်မှ ခွင့်မပြုခဲ့ရပါဘူး။ ပထမပိုင်းမှာ မတူညီတဲ့ရလဒ်နဲ့ ပြီးဆုံးသင့်တယ်လို့ ထင်ခဲ့ပါတယ်”

“ဒုတိယပိုင်းမှာတော့ ထောင့်ကန်ဘောတွေ ပေးခဲ့ရပြီး အဲ့ဒီနောက်မှာ ဝုလ်ဗ်ကို ဦးဆောင်ခွင့်ပါ ပေးလိုက်ရပါတယ်။ သူတို့က ကျွန်တော်တို့ထက် ပိုထိရောက်ခဲ့ပြီး ရလဒ်ပိုင်းကတော့ မြင်တဲ့အတိုင်းပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က