ရိုးမားအသင်းမှာ ခြေစွမ်းပြသနေသူပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ခရစ်စမောလင်းအတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၂၀ သတ်မှတ်ထားတယ်လို့ ရိုးမားအသင်းကို ပြောကြားခဲ့ကြောင်း Express ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

စမောလင်းဟာ ယခုရာသီအစောပိုင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ရိုးမားအသင်းကို အငှားနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် ဘောလုံးပရိသတ်အများအပြားကို အံ့အားသင့်အောင် ခြေစွမ်းပြသနေသူဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရာသီအစ မန်ချက်စတာယူနိုက်တက်ရဲ့ပွဲစဉ် ၃ ပွဲစလုံးမှာ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီးနောက် စမောလင်းဟာ နည်းပြဆိုးလ်ရှားရဲ့ လူစာရင်းမှာ လူပိုတစ်ယောက်ဖြစ်နေခဲ့တာဖြစ်ပါတယ်။

ရလဒ်အနေနဲ့ စမောလင်းဟာ အရောင်းစာရင်းမှာ ထည့်သွင်းခံခဲ့ရပြီး အပြောင်းအရွှေ့ဈေးကွက်မပိတ်မီ ဘယ်အသင်းကမှ ခိုင်မာတဲ့ကမ်းလှမ်းမှုမျိုး ပြုလုပ်ခြင်းမရှိခဲ့ပေမယ့် ရိုးမားအသင်းက အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ စမောလင်းကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။



စမောလင်းဟာ ရိုးမားအသင်းရဲ့ စီးရီးအေ ၆ ပွဲဆက်တိုက် ပါဝင်ကစားခွင့်ရရှိထားပြီး ပြီးခဲ့တဲ့အပတ်က အူဒီးနီးစ်အသင်းကို ၄-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ပထမဆုံးစီးရီးအေသွင်းဂိုးကို သွင်းယူနိုင်ခဲ့ပြီးနောက် ရိုးမားအသင်းကို အပြီးသတ်ပြောင်းရွှေ့ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။

ရိုးမားအားကစားဒါရိုက်တာ ဂျီအန်လူကာပီထရာချီက ယခုရာသီကုန်မှာ မန်ချက်စတာယူနိုက်တက်အသင်းကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ စမောလင်းကို အသင်းမှာ ထိန်းသိမ်းထားချင်တယ်လို့ DAZN ကို ပြောကြားခဲ့ပါတယ်။

“ကွဲပြားခြားနားမှုတွေကို ပြုလုပ်လိုတဲ့ကစားသမားတွေရဲ့ ဆန္ဒက အမြဲတမ်းရှိပါတယ်”

“ပထမလအနည်းငယ်မှာ သူ တဖြည်းဖြည်းအခြေကျပြီး အသားကျသွားခဲ့ပါတယ်”

“သူက အီတလီဘောလုံးလောကအတွက် ကစားသမားလို့ ထင်ပါတယ်”

“တကယ်လို့ သူ ဆက်နေချင်တဲ့ဆန္ဒရှိတယ်ဆိုရင် ကျွန်တော်တို့ ယူနိုက်တက်နဲ့ ဆွေးနွေးသွားမှာပါ”

“အသင်း ၂ သင်းကြားက ဆက်ဆံရေးက အရမ်းကောင်းမွန်ပြီး အခွင့်အရေးရှိမယ်ဆိုရင် ကျွန်တော်တို့ အကဲဖြတ်သွားမှာပါ”

“ဒါပေမယ့် ဒီပြောဆိုမှုတွေကို မိုက်ခရိုဖုန်းတွေပိတ်၊ စာအုပ်တွေ ပိတ်ပြီး ဆွေးနွေးမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

Share

က္က