ဖေဖော်ဝါရီလ၂၀ ရက်နေ့ နံနက် ၆ နာရီ ၅ မိနစ်ခန့်က စတင်ခဲ့တဲ့ ရန်ကုန်မြို့ လမ်းမတော် သံစျေးမီးလောင်မှုကို ၃ နာရီအကြာမှာ မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့ပြီး ပိတ်မိနေသူ ၈၄ ဦးကို ကယ်ဆယ်ထားနိုင်ခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် ၂ ရပ်ကွက် လမ်းမတော်လမ်း သံစျေးတွင် ယနေ့နံနက် ၆ နာရီ ၅ မိနစ်က မီးစတင်လောင်ကျွမ်းပြီး Level 5 အဆင့်အထိ သတ်မှတ်မီးငြှိမ်းသတ်ခဲ့ရာ ၃ နာရီအကြာမှာ မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။
မီးငြှိမ်းနေစဥ်အတွင်း အထပ်မြင့်အဆောက်အဦးလည်း ဖြစ်တဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက်ခဲ့ရမှာ နံနက် ၉ နာရီ ၂၇ မိနစ်အချိန်အထိ စုစုပေါင်း ၈၄ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရပါတယ်။
“မီးကအားလုံးငြိမ်းသွားသလောက်ရှိတယ် ကယ်ဆယ်ရေးလုပ်ရတဲ့သူက ၈၀ ကျော်တယ် ၁၀ယောက်လောက်ကတော့ မီးခိုမွှန်လို့ အခုဆေးရုံကြီးမှာပို့ထားတယ် မစိုးရိမ်ရပါဘူး" လို့ လသာမြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၂) မှ ဦးကျော်မင်းဟန်က Duwun ကိုပြောပါတယ်။
မီးခိုးတွေများလွန်းတာကြောင့် မီးသတ်တပ်ဖွဲ့ဝင် ၂၂ ဦးထက်မနည်း မီးခိုးမွှန်ပြီး အသက်ရှူကျပ်တဲ့အတွက် ကြက်ခြေနီအဖွဲ့က ဆေးကုသမှု ဆောင်ရွက်ပေးခဲ့ရပါသေးတယ်။ မီးက အဆောက်အအုံရဲ့ ၃ လွှာက ရော်ဘာပစ္စည်းတွေထားရှိတဲ့ ဂိုဒေါင်လိုအခန်းကနေ စတင်လောင်ကျွမ်းတာဖြစ်ပြီး မီးလောင်တဲ့အကြောင်းရင်းကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။