အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အီမီလီယာနိုဆာလာဟာ နန့်တက်စ်အသင်းကနေ ကာဒစ်ကို ပျံသန်းထွက်ခွာလာစဉ် အင်္ဂလိပ်ရေလက်ကြားမှာ လေယာဉ်မတော်တဆမှုဖြစ်ပွားပြီး ကွယ်လွန်ခဲ့သူဖြစ်ပါတယ်။
ဆာလာရဲ့ရုပ်အလောင်းကို ပြီးခဲ့တဲ့အပတ်က လေယာဉ်အပျက်အစီးကြားထဲကနေ ပြန်လည်ရရှိခဲ့ပြီး ကာဒစ်အသင်းနည်းပြ နေးလ်ဝါးနော့ခ်နဲ့ အလုပ်အမှုဆောင်ချုပ် ခန်းချူးတို့ဟာ ဆာလာရဲ့နာရေးကို တက်ရောက်ကြမယ်လို့ BBC ရဲ့သတင်းအရ သိရပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ လေယာဉ်မတော်တဆမှုမှာ ပါဝင်ခဲ့တဲ့ လေယာဉ်မှူး အစ်ဘွတ်ဆင်ကတော့ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ ဆာလာရဲ့ရုပ်အလောင်းကို ယနေ့မှာ ဇာတိနိုင်ငံဖြစ်တဲ့ အာဂျင်တီးနားနိုင်ငံကို ပြန်လည်ပို့ဆောင်မှာဖြစ်ပါတယ်။
ဆာလာဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ နန့်တက်စ်အသင်းကနေ ကာဒစ်စီးတီးအသင်းကို ပေါင် ၁၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ စနေနေ့မှာ ပြုလုပ်မယ့် ဆာလာရဲ့ နာရေးအခမ်းအနားအတွက် ကာဒစ်စီးတီး နည်းပြ ဝါးနော့ခ်နဲ့ အလုပ်အမှုဆောင်ချုပ် ခန်းချူးတို့ကိုယ်တိုင် အာဂျင်တီးနားနိုင်ငံ၊ ဆန်တာဖီခရိုင်၊ ပရိုဂရက်ဆိုမြို့ကို လာရောက်မှာဖြစ်တယ်လို့ သိရပါတယ်။
ကာဒစ်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ဆောက်သမ်တန်အသင်းနဲ့ပွဲစဉ်မှာ ဆာလာအတွက် အောက်မေ့ဖွယ်အထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်ပေးခဲ့ပြီး အသင်းပရိသတ်တွေကလည်း ဆာလာရဲ့ဂျာစီကို ဝတ်ဆင်ပြီး ဂုဏ်ပြုခဲ့ကြပါတယ်။