ဦးခေါင်းပွင့် ဒဏ်ရာနဲ့ သေဆုံးခဲ့တာဖြစ်ပါတယ်။

မွန်ပြည်နယ်၊ သံဖြူဇရပ်-ရေးကားလမ်းမကြီးပေါ်မှာ ဒီကနေ့ နေ့လယ် (၁)နာရီခန့်က ကားနဲ့စက်ဘီးတိုက်မိရာကနေ စက်ဘီးစီးနင်းလာတဲ့ ကျောင်းသူတစ်ဦးသေဆုံးခဲ့ပါတယ်။

အသက် (၁၂)အရွယ် ကျောင်းသူတစ်ဦးဟာ ကျောင်းကအပြန်စက်ဘီးနဲ့အိမ်ပြန်လာရာမှာ လမ်းမှာကားနဲ့တိုက်မိပြီး ဦးခေါင်းပွင့်ဒဏ်ရာနဲ့သေဆုံးခဲ့တာဖြစ်ပါတယ်။

တိုက်မိတဲ့ကားကလည်း ဘုန်းကြီးကျောင်းကကားဖြစ်ပြီး ဘုန်းကြီးတစ်ပါးမောင်းနှင်လာရာမှာ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောက စက်ဘီးကိုတိုက်မိခဲ့တာဖြစ်ပါတယ်။

“ ကလေးမလေးက နေရာမှာပဲဆုံးသွားတယ်။ ကျောင်းကပြန်လာတာတဲ့။ ကားကြိတ်ခံရပြီး ဦးခေါင်းပွင့်ထွက်သွားတာ။ တစ်ဖက်ကတိုက်တဲ့ကားကလည်း ဘုန်းကြီးကား။ ဘုန်းကြီးကိုယ်တိုင်မောင်းတာ။ အရှိန်မထိန်းနိုင်ဘဲ ဖြစ်သွားတာ”လို့ အခင်းဖြစ်နေရာကိုသွားရောက်ကူညီဆောင်ရွက်ပေးခဲ့တဲ့စေတနာရှင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

လက်ရှိမှာ သေဆုံးခဲ့တဲ့ ကျောင်းသူရဲ့ အလောင်းကိုတော့ စေတနာရှင်လူမှုကူညီရေးအသင်းကနေပဲ သံဖြူဇရပ်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။

ယာဉ်တိုက်မှုဖြစ်စဉ်မှာ လူသေဆုံးခဲ့တာကြောင့် လက်ရှိမှာတော့ အမှုကိစ္စဆောင်ရွက်နိုင်ရန် ယာဉ်မောင်းဘက်ကို စစ်ဆေးဆောင်ရွက်မှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။


Share

က္က