သြစတြေးလျမှ အထင်ရှားဆုံး သတင်းစာတစ်စောင်က ပြိုင်ဘက်သတင်းစာရဲ့ စာမျက်နှာတွေကို မှားယွင်းပုံနှိပ်ကာ ထည့်သွင်းဖော်ပြခဲ့မိတာကြောင့် ပြစ်တင်ဝေဖန်မှုတွေ ကြုံနေရပါတယ်။
(Telegraph က မှားယွင်းပုံနှိပ်ဖော်ပြခဲ့သည့် Herald သတင်းစာမျက်နှာ) (Photo: The Guardian)
ဆစ်ဒနီမြို့အခြေစိုက် The Daily Telegraph က ကြာသပတေးနေ့ (ဧပြီ ၂၅ ရက်) ထုတ် သတင်းစာထဲမှာ ပြိုင်ဘက်သတင်းစာ Sydney Morning Herald ရဲ့ စာမျက်နှာနှစ်ခုကို မတော်တဆ မှားယွင်းပုံနှိပ်ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။ Daily Telegraph သတင်းစာကို ကမ္ဘာကျော် မီဒီယာလုပ်ငန်းရှင် ရူးပတ်မားဒေ့ါက ပိုင်ဆိုင်ကြောင်း BBC သတင်းမှာ ဖော်ပြထားပါတယ်။
မှားယွင်းပုံနှိပ်ဖော်ပြခဲ့တဲ့ Sydney Morning Herald ရဲ့ စာမျက်နှာတွေမှာ ရာသီဥတုပြောင်းလဲမှုအပေါ် ကိုင်တွယ်ဆောင်ရွက်ရန် တိုက်တွန်းရေးသားထားမှု ပါဝင်ပါတယ်။ ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး The Daily Telegraph က မှားယွင်းမှုအတွက် တောင်းပန်းခဲ့ပြီး သတင်းစာ ပုံနှိပ်ထုတ်လုပ်မှု လုပ်ငန်းစဉ်အတွင်း အမှားအယွင်း ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။
(Daily Telegraph က Twitter မှတစ်ဆင့် တောင်းပန်ထားမှု) (Photo: @dailytelegraph/Twitter)
"သတင်းစာနှစ်စောင်လုံးက ဆစ်ဒနီအနောက်ဘက်မှာရှိတဲ့ ပုံနှိပ်စက်တစ်ခုတည်းမှာ ပုံနှိပ်ကြတာပါ၊ စာဖတ်ပရိသတ်တွေကြား အခုလို စိတ်ရှုပ်စရာဖြစ်ခဲ့ရတဲ့အတွက် တောင်းပန်ပါတယ်" လို့ အဆိုပါ သတင်းစာရဲ့ Twitter မှာ ရေးသားထားပါတယ်။ ပြိုင်ဘက်သတင်းစာရဲ့ စာမျက်နှာတွေ ပါဝင်လာမှုကို The Daily Telegraph သတင်းပရိသတ် အများအပြားက သတိပြုမိခဲ့ကြတယ်လို့လည်း သိရပါတယ်။
"တောင်းပန်ဖို့ မလိုပါဘူးရှင်၊ Herald စာမျက်နှာတွေက စာဖတ်ပရိသတ်အတွက် မေတ္တာလက်ဆောင်အဖြစ် အပိုထည့်ပေးတာပဲပေါ့" လို့ Sydney Morning Herald မှ ဂျာနယ်လစ်အမျိုးသမီး ကိတ်မက်ကလေမောင့်တ်က အရွှန်းဖောက်ပြောခဲ့ပါတယ်။ Twitter အသုံးပြုသူတစ်ဦးကလ်း 'တစ်ယောက်ယောက်တော့ အလုပ်မှာ နောက်ဆုံးရက် ဖြစ်တော့မှာပါပဲ' လို့ ရေးထားပါတယ်။
(ဧပြီ ၂၅ ရက်ထုတ် Daily Telegraph သတင်းစာ) (Photo: ABC News)
နောက်တစ်ဦးကတော့ 'ကုန်ကျစရိတ် အသားကုန်လျှော့ချနေတာပါလား? ပုံနှိပ်စက်အတူတူသုံးရာကနေ အခုတော့ သတင်းစာပါ အတူတူဖြစ်လာပြီလေ' လို့ Twitter မှာ ပြောထားပါတယ်။ ၂၀၁၈ ခုနှစ်မှစပြီး Sydney Morning Herald ကို ပိုင်ဆိုင်ခဲ့တဲ့ Fairfax ကုမ္ပဏီနဲ့ The Daily Telegraph သတင်းစာထုတ်ဝေတဲ့ News Corp တို့ကြား ပုံနှိပ်စက်တစ်ခုတည်းမှာ ရိုက်နှိပ်ကြရန် သဘောတူညီထားခဲ့ကြတယ်လို့ သိရပါတယ်။
"ဒီလို ပုံနှိပ်ဖို့အစီအစဉ်တွေက သတင်းစာထုတ်တဲ့ကုမ္ပဏီ နှစ်ခုလုံးအတွက် ထုတ်လုပ်ရေးပိုင်းမှာ ပိုပြီးအကျိုးဖြစ်ထွန်းစေပါတယ်" လို့ Fairfax အကြီးအကဲဟောင်း Greg Gywood က ထိုစဉ်က ပြောခဲ့ပါတယ်။ Fairfax ကုမ္ပဏီဟာ နောက်ပိုင်းမှာတော့ နောက်ထပ် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Nine နဲ့ ပူးပေါင်းလိုက်ပြီး လက်ရှိမှာ Sydney Morning Herald ကို Nine တရားဝင် ပိုင်ဆိုင်ထားကြောင်းလည်း သိရပါတယ်။