သြစတြေးလျရွေးကောက်ပွဲမှာ ကွန်ဆာဗေးတစ်တစ်ဦးဖြစ်သူ လက်ရှိဝန်ကြီးချုပ် စကော့မော်ရစ်ဆင်ရဲ့ ဗဟိုလက်ယာဝါဒီ ညွန့်ပေါင်းအုပ်စုက အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့တယ်လို့ ဆိုပါတယ်။
(သြစတြေးလျဝန်ကြီးချုပ် မော်ရစ်ဆင်) (Photo: AFP)
ဝန်ကြီးချုပ်မော်ရစ်ဆင်က ၎င်းရဲ့ ညွှန့်ပေါင်းအုပ်စုကို ပြန်လည်ရွေးချယ်ခဲ့ကြတဲ့ မဲဆန္ဒရှင်တွေကို ကျေးဇူးတင်ကြောင်းနဲ့ အံ့သြဖွယ်ဖြစ်ရပ်တွေကို အမြဲတမ်း ယုံကြည်ကြောင်း အောင်ပွဲခံမိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်အထိ မဲရေတွက်မှုရလဒ်တွေအရ မော်ရစ်ဆင်ရဲ့ Liberal-National Coalition ညွန့်ပေါင်းပါတီအုပ်စုက လွှတ်တော်မှာ အမတ်နေရာအများစု ရရှိခဲ့ကြောင်းသိရပါတယ်။
(အတိုက်အခံ လေဘာပါတီခေါင်းဆောင် ဘီလ်ရှော့တင်း) (Photo: @mpbowers/Twitter)
အတိုက်အခံ လေဘာပါတီ (Labor Party) ခေါင်းဆောင် ဘီလ်ရှော့တင်းကလည်း ရွေးကောက်ပွဲမှာ အနိုင်မရနိုင်တော့ကြောင်း ဝန်ခံခဲ့ပြီး ပါတီခေါင်းဆောင်အဖြစ်မှ နုတ်ထွက်သွားတယ်လို့ ဆိုပါတယ်။ ယနေ့ (မေ ၁၈ ရက်) ပြုလုပ်ခဲ့တဲ့ သြစတြေးလျ ရွေးကောက်ပွဲ မဲဆန္ဒရှင်စစ်တမ်းတွေအရ အတိုက်အခံ လေဘာပါတီက ခြောက်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကျဉ်းမြောင်းတဲ့ မဲရလဒ်ဖြင့် အနိုင်ရမယ်လို့ ဖော်ပြခဲ့ကြပေမဲ့ ဝန်ကြီးချုပ်မော်ရစ်ဆင်ရဲ ညွန့်ပေါင်းပါတီအုပ်စုက အံ့အားသင့်ဖွယ် အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။
(မဲပေးရန်တန်းစီနေသူများ) (Photo: Reuters)
သြစတြေးလျရွေးကောက်ပွဲ နောက်ဆုံးရလဒ်တွေကို နောက်ထပ် နာရီပိုင်းအတွင်း ထုတ်ပြန်ဖွယ်မရှိသေးပေမဲ့ မဲ ၇၀ ရာခိုင်နှုန်းကို ရေတွက်ပြီးချိန်မှာ ညွန့်ပေါင်းအုပ်စုက အနိုင်ရထားခဲ့ပြီလို့ သိရပါတယ်။ ညွန့်ပေါင်းအုပ်စုက လွှတ်တော်မှာ အများစုဖြစ်ရန်အတွက် အမတ်နေရာ ၇၆ နေရာ လိုအပ်ရာ လက်ရှိချိန်အထိ ၇၄ နေရာ ရရှိထားပြီဖြစ်ပါတယ်။ အတိုက်အခံ လေဘာပါတီကတော့ အမတ်နေရာ ၆၅ နေရာ ရရှိထားတယ်လို့ဆိုပါတယ်။ ယနေ့ပြုလုပ်တဲ့ သြစတြေးလျရွေးကောက်ပွဲမှာ မဲပေးရန်အတွက် မဲဆန္ဒရှင် ၁၆.၄ သန်းက စာရင်းပေးသွင်းခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။