သြစတြေးလျနိုင်ငံကို အားကောင်းတဲ့ မုန်တိုင်းနှစ်ခု ဝင်ရောက်တိုက်ခတ်ကြောင်း သိရပါတယ်။ သြစတြေးလျအစွန်အဖျား မြောက်ဘက်ကမ်းရိုးတန်းဒေသကို ဖျက်အားအလွန်ကြီးတဲ့ ပြင်းအားအဆင့် ၄ ဆိုင်ကလုန်းမုန်တိုင်း ယနေ့ (မတ်လ ၂၃ ရက်) ဝင်ရောက်တိုက်ခတ်ပါတယ်။
(ဆိုင်ကလုန်းထရီဗာ ဂြိုဟ်တုပုံရိပ်) (Photo: EPA)
ဒါ့အပြင် နောက်ထပ် အားကောင်းတဲ့ မုန်တိုင်းတစ်ခုကလည်း သြစတြေးလျ အနောက်ဘက်ကမ်းရိုးတန်းကို မတ်လ ၂၄ ရက် မနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခတ်မယ်လို့ ဆိုပါတယ်။ ဆိုင်ကလုန်းထရီဗာ (Cyclone Trevor) က တစ်နာရီလျှင် ၁၅၅ မိုင်အထိ အားကောင်းပြင်းထန်တဲ့ လေတိုက်နှုန်းဖြင့် သြစတြေးလျ မြောက်ဘက်ကမ်းရိုးတန်းရှိ Port McArthur မြို့ငယ်အနီး ကုန်းတွင်းပိုင်းကို စတင်ဝင်ရောက် တိုက်ခတ်ခဲ့ကြောင်း ABC သတင်းဌာနက ဖော်ပြပါတယ်။
(ဒေသခံများကို ရွှေ့ပြောင်းစဉ်) (Photo: AFP)
နောက်ထပ် အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း ဗရော်နီကာ (Cyclone Veronica) ကတော့ သြစတြေးလျ အနောက်ဘက်ကမ်းရိုးတန်းဒေသ ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်မယ်လို့ သိရပါတယ်။ အဖျက်စွမ်းအားကြီးတဲ့ ဆိုင်ကလုန်းမုန်တိုင်းနှစ်ခု အန္တရာယ်ကြောင့် ဒေသခံ ထောင်ပေါင်းများစွာကို ရွှေ့ပြောင်းပေးထားရပါတယ်။
အားအလွန်ကောင်းတဲ့ မုန်တိုင်းနှစ်ခုကြောင့် လေပြင်းတိုက်ခတ်မှု၊ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ ရေလှိုင်းများမြင့်တက်ပြီး ရေကြီးမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ သြစတြေးလျကို ဆိုင်ကလုန်းမုန်တိုင်းနှစ်ခု တစ်ချိန်တည်းမှာ ဝင်ရောက်တိုက်ခတ်မှုဟာ သမိုင်းတစ်လျှောက် ဒုတိယအကြိမ်သာ ဖြစ်တယ်လို့ဆိုပါတယ်။
(Photo: QLD Police)
ဆိုင်ကလုန်းထရီဗာက သြစတြေးလျ မြောက်ဘက်ကမ်းရိုးတန်းရှိ Numbulwa နဲ့ Borroloola ဒေသတို့ကို ယနေ့မနက်ပိုင်းမှာ ဝင်ရောက်ခဲ့ပါတယ်။ ဆိုင်ကလုန်းထရီဗာက ကုန်းတွင်းကို ဝင်ရောက်ခဲ့ပြီးနောက် ပြင်းအားအဆင့် ၃ သို့ အားလျော့ကျသွားခဲ့ပေမဲ့ အန္တရာယ်ရှိနေဆဲ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။
"ရုတ်တရက် ရေကြီးမှုဖြစ်ပေါ်နိုင်တာကို စိုးရိမ်ရပါတယ်" လို့ အရေးပေါ်ဆိုင်ရာဌာနမှ မိုက်ကယ်ဟက်ဘ်က AFP သတင်းဌာနကို ပြောခဲ့ပါတယ်။ မုန်တိုင်းအရှိန်ကြောင့် နှစ်ရက်အတွင်း မိုးရွာသွန်းမှုဟာ တစ်နှစ်စာနဲ့ညီမျှတဲ့ မိုးရေချိန်အထိ ရှိနိုင်တယ်လို့ဆိုပါတယ်။
(Photo: Nine)
ဆိုင်ကလုန်းမုန်တိုင်း နောက်ဆက်တွဲ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ရန်အတွက် အရေးပေါ်ကယ်ဆယ်ရေးသမားတွေနဲ့ စစ်တပ်ကို အသင့်ချထားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ သြစတြေလျးမှာ ယခုကဲ့သို့ လူအများအပြား ရွှေ့ပြောင်းခဲ့ရတဲ့ နောက်ဆုံး နောက်ဆုံးမုန်တိုင်းဟာ ဆိုင်ကလုန်းထရေစီ (Cyclone Tracy) ဖြစ်ပါတယ်။ ၁၉၇၄ ခုနှစ်က သြစတြေးလျကို ဆိုင်ကလုန်းထရေစီ ဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် ဒါဝင်မြို့မှာ လူ ၄၉ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။