မောင်နှမသုံးဦး ဖြစ်ကြတယ်လို့ ဆိုပါတယ်။

သြစတြေးလျ New South Wales ပြည်နယ်မှာ ယနေ့ (ဇွန် ၂၆ ရက်) မနက်အစောပိုင်းက နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့မှုအတွင်း ကလေးသုံးဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

(သေဆုံးခဲ့သည့် ကလေးသုံးဦး [မျက်နှာဖုံးအုပ်မထားသူများ]) (Photo: Daily Mail)

ယနေ့မနက် ဒေသစံတော်ချိန် ၃ နာရီခွဲခန့်က ဆစ်ဒနီမြို့ အနောက်မြောက်ဘက် မိုင် ၁၂၀ အကွာရှိ စင်ဂဲလ်တန်မြို့ရှိ နေအိမ်မှာ မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ထံ အကြောင်းကြားမှု လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။



မီးလောင်ခဲ့တဲ့ နေအိမ်အတွင်း အသက် ၁၁ နှစ်အရွယ် ယောက်ျားလေးတစ်ဦးရဲ့ အလောင်းကို တွေ့ခဲ့ရပါတယ်။ အသက် ၅ နှစ်အရွယ် အမြွှာညီအစ်မနှစ်ဦးကို နေအိမ်အတွင်းမှာ ခေါ်ထုတ်နိုင်ခဲ့ပေမဲ့ ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။

(အသက် ၃၁ နှစ်အရွယ် မိခင်ဖြစ်သူ) (Photo: Daily Mail)

အိမ်နီးနားချင်းတွေက အသက် ၃၁ နှစ်အရွယ် မိခင်ဖြစ်သူနဲ့ အသက် ၈ နှစ်အရွယ် နောက်ထပ် သမီးတစ်ဦးတို့ကို မီးလောင်မှုမှ ကယ်ဆယ်နိုင်ခဲ့ကြပြီး ၎င်းတို့နှစ်ဦးဟာ မီးခိုးမွန်းကျပ်မှုကြောင့် ကုသမှုခံယူခဲ့ရပါတယ်။ အမျိုးသမီးကတော့ မီးလောင်ဒဏ်ရာတွေလည်း ရခဲ့ကြောင်းသိရပါတယ်။

နေအိမ် မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို မသိရသေးဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။ အိမ်နီးနားချင်းတွေရဲ့ အဆိုအရ မီးလောင်မှုဖြစ်ပွားခဲ့တဲ့ နေအိမ်မှာ လူခြောက်ဦး နေထိုင်ကြတယ်လို့ သြစတြေးလျသတင်းဌာန Nine News က ဖော်ပြပါတယ်။

(မီးလောင်မှုဖြစ်ခဲ့သည့် နေအိမ်) (Photo: Nine News)

"အော်ဟစ်သံတွေကြားပြီး အိပ်ရာက နိုးသွားခဲ့တယ်၊ ကြောက်စရာကောင်းပါတယ်" လို့ မီးလောင်မှုကို မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက Nine News ကို ပြောခဲ့ပါတယ်။ မီးလောင်ခဲ့တဲ့ နေအိမ်ရှိရာ စင်ဂယ်လ်တန်မြို့ဟာ ဝိုင်ထုတ်လုပ်မှုဖြ့င် လူသိများကျော်ကြားပြီး ကမ္ဘာလှည့်ခရီးသည် လာရောက်မှုများပြားတဲ့ Hunter Valley ဒေသမှာ တည်ရှိကြောင်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က