သြစတြေးလျနိုင်ငံမှာ နေထိုင်ကြတဲ့ ဗြိတိန်စုံတွဲတစ်တွဲဟာ တစ်ဦးနဲ့တစ်ဦး နာရီပိုင်းသာခြားပြီး သေဆုံးသွားခဲ့ကြတယ်လို့ ဆိုပါတယ်။ ထိုအဖြစ်ကိုကြားသိရသူတွေက အဆိုပါစုံတွဲရဲ့ မိသားစုတွေကို ကူညီရန်အတွက် ပေါင်စတာလင် သောင်းနဲ့ချီ ပါဝင်လှူဒါန်းခဲ့ကြတယ်လို့လည်း သိရပါတယ်။
(ဂျေဆန်နှင့်ရော်ဘင်ဆန်တို့စုံတွဲ) (Photo: Jason/Facebook)
Market Drayton Town ဘောလုံးအသင်းမှ ကစားသမားဟောင်းဖြစ်တဲ့ အသက် ၂၉ နှစ်အရွယ် ဂျေဆန်ဖရန်စစ်ဟာ ၎င်းရဲ့လက်တွဲဖော် အမျိုးသမီး အလိုက်စ်ရော်ဘင်ဆန်နဲ့ အတူနေထိုင်ကြတဲ့ ပါ့သ်မြို့ Scarborough ရှိ နေအိမ်အနီးမှာ ကားတစ်စီးဖြင့် အတိုက်ခံရပြီး သေဆုံးခဲ့ပါတယ်။ ဂျေဆန် ကားတိုက်ခံရပြီး သေဆုံးခဲ့ကြောင်း သိရပြီးနောက် ၎င်းရဲ့ချစ်သူ ရော်ဘင်ဆန်တစ်ယောက် ရင်ကွဲမတတ် ခံစားနေရကြောင်း ဖွင့်ဟခဲ့ပါတယ်။ ထို့နောက် မကြာမီမှာတော့ သူမကိုလည်း သေဆုံးလျက်သား တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
၎င်းတို့စုံတွဲရဲ့ မိသားစုတွေကို ကူညီရန်အတွက် ခရစ်စမတ်အကြိုနေ့မှစပြီး ယနေ့ (ဒီဇင်ဘာ ၂၆ ရက်) အထိ သြစတြေးလျဒေါ်လာ ၃၁,၀၀၀ ကျော် (ပေါင်စတာလင် ၁၇,၂၅၉) ပါဝင်လှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။ ကားတိုက်ခံရတဲ့ ဂျေဆန်က Clottesloe ရက်ဂ်ဘီကလပ်မှ သူငယ်ချင်းတွေနဲ့ တစ်နေ့တာ အလည်ထွက်ခဲ့ပြီးနောက် စနေနေ့ (ဒီဇင်ဘာ ၂၂ ရက်) ညပိုင်းမှာ နေအိမ်ကို တက္ကစီးတစ်စီးဖြင့် ပြန်သွားခဲ့တယ်လို့ ဆိုပါတယ်။
ထိုနေ့ ဒေသစံတော်ချိန် ည ၈ နာရီဝန်းကျင်မှာ ဂျေဆန်ကို အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦး မောင်းနှင်လာတဲ့ အဖြူရောင် Volkswagen Jetta ကားတစ်စီးက ဝင်တိုက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ကားတိုက်ခံရပြီးနောက် ဂျေဆန်ကို Royal Perth ဆေးရုံသို့ပို့ဆောင်ခဲ့ပေမဲ့ ၎င်းရဲ့အသက်ကို မကယ်နိုင်ခဲ့ပါဘူး။
ဂျေဆန် ကားတိုက်ခံရတဲ့နေရာဟာ ၎င်းရဲ့လက်တွဲဖောက် ရော်ဘင်ဆန်နဲ့အတူ နေထိုင်လျက်ရှိတဲ့ နေအိမ်အနီး မီတာအနည်းမျှအကွာမှာလည်း ဖြစ်ပါတယ်။ ဂျေဆန်ရဲ့ချစ်သူက နေအိမ်အနီးမှာ အရေးပေါ်ကားမီးရောင်တွေ မြင်ရတာကြောင့် အိမ်အပြင်ထွက်ပြီး လာကြည့်ခဲ့တယ်လို့ ဆိုပါတယ်။
(ဂျေဆန်ရဲ့အတူနေချစ်သူ ရော်ဘင်ဆန်) (Photo: Jason/Facebook)
ထို့နောက် ရဲတပ်ဖွဲ့က ပြောကြားမှုအရ သူမရဲ့ချစ်သူဂျေဆန် ကားတိုက်ခံခဲ့ရကြောင်း သိခဲ့တာဖြစ်ပါတယ်။ ဂျေဆန်နဲ့ရော်ဘင်ဆန်တို့ဟာ ၈ နှစ်ကြာ တွဲလာခဲ့ကြသူတွေလို့ သိရပါတယ်။
ကားတိုက်ခံရမှုကြောင့် ဂျေဆန် သေဆုံးသွားခဲ့ပြီး ၂၄ နာရီမပြည့်မီမှာ တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၂၃ ရက်) မွန်းလွဲပိုင်းမှာ သေဆုံးလျက်သား တွေ့ခဲ့ရတယ်လို့ PerthNow သတင်းဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။ ရော်ဘင်ဆန် သေဆုံးရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။