ဒီနေ့ ရုံးချိန်း အခြေအနေကို ပြောပြလာပါတယ်။

သရုပ်ဆောင် မင်းရာဇာဟာ ဒီနေ့ ရုံးချိန်းမှာလည်း တရားလိုဘက်က တက်ရောက်မလာတဲ့ အပေါ် သူ့ရဲ့ သဘောထားကို ပြောပြခဲ့ပါတယ်။  

အိမ်အကူမိန်းကလေးအား ညှင်းပန်းနှိပ်စက်မှု၊ မုဒိန်းမှုတိုနဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာကို ဒီနေ့ သြဂုတ်လ(၅)ရက်က မြောက်ဥက္ကလာတရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။ ဒီနေ့ ရုံးချိန်းမှာတော့ သရုပ်ဆောင်မင်းရာဇာဟာ တရားလိုဘက်က ရုံးချိန်းပျက်ကွက်မှုတွေအပေါ် သူ့ရဲ့ သဘောထားကို Duwun ကနေ ပြောပြလာပါတယ်။ 



“ ဒီနေ့လဲ တရားလိုဘက်က ဒီ တပတ်လည်း မလာပါဘူးဗျာ။ အိမ်တောင်ပြောင်းသွားပြီလို့ သိရတယ်။ ကျွန်တော်တို့ ဒီထောင်ထဲမှာပဲ အကြာကြီး နေရဦးမလား မသိပါဘူး။ ကျွန်တော် စိတ်ပူတာက အပြင်မှာ ကျွန်တော့် သမီးရယ်၊ သားရယ်က အရမ်းဒုက္ခရောက်နေတာ တအားစိတ်ပူပါတယ်။ ကျွန်တော်တို့ကို စေတနာ အကျိုးပေးမှာပါ။ အကျိူးပေးမယ်လို့လည်း ကျွန်တော် ပြောရဲပါတယ်” ဆိုပြီးတော့ ဒီနေ့ ရုံးချိန်း အပြန်က မီဒီယာတွေကို အခုလို ပြောပြလာပါတယ်။ 

တရားလိုဘက်က မိသားစုဟာ ဧရာဝတီတိုင်းမှာ နေထိုင်တာဖြစ်တာကြောင့် ရုံးချိန်းတိုင်း လာရောက်ဖို့ ငွေရေးကြေးရေး အခက်အခဲ ရှိတယ်လို့ သိရပါတယ်။ တရားဘက်ကရုံးချိန်းတွေ ပျက်ကွက်တယ်လို့ မင်းရာဇာဘက် ထွက်ဆိုလာတဲ့ အပေါ် တရားလိုရဲ့ ရှေ့နေဖြစ်သူ ဦးရောဘတ်စန်းအောင်က ယခုလို ပြောပြခဲ့ပါတယ်။

" တရားလိုဘက်က သွားရေး၊ လာရေး စာရိတ်တွေ မတက်နိုင်ဘူး။ ဧရာဝတီတိုင်းကနေ ရန်ကုန်လာလို့ရှိရင် လမ်းစာရိတ်က (၅) သောင်းလောက်ကုန်တယ်။ တစ်ယောက်တည်းလာလို့လည်း မရဘူး။ ရုံးချိန်းမှာ ပြန်လည်စစ်မေးခြင်းက တစ်ရက်တည်းနဲ့ မပြီးဘူး။ အဲဒီအတွက် အခေါက်ခေါက်အခါခါလာဖို့ ဒုက္ခရောက်တယ်။ ဒီမှာလည်း စားဝတ်နေရေး အခက်အခဲရှိတာကြောင့် ခဏပြန်သွားတာပါ။ တမင်သက်သက်ချုပ်ရက် ကြာရှည်အောင် လုပ်တာ မဟုတ်ပါဘူး။ ခွင့်မဲ့ပျက်ကွက်တယ် ဆိုပြီးတော့ တိတိကျကျကြီးပြောလို့တော့ မသင့်တော်ပါဘူး။ အကျိုးအကြောင်း ညီညွတ်စွာ ပျက်ကွက်တယ်လို့ ပြောလို့ရပါတယ်" လို့ သူက Duwun ရဲ့ မေးမြန်းမှုကို ဖုန်းနှင့်ပြန်လည်ဖြေဆိုပေးခဲ့ပါတယ်။

သရုပ်ဆောင်မင်းရာဇာဟာ ဇူလိုင်လ(၂၂) ရက်နေ့ ရုံးချိန်းတုန်းက တရားလို မိန်းကလေးရဲ့ နာမည်အရင်းကို မီဒီယာတွေ အရှေ့မှာ ထုတ်ဖော်ပြောပြခဲ့ ပါသေးတယ်။ အဲဒီလို ထုတ်ဖော်ပြောဆိုလာတဲ့ အတွက် ၂၀၁၉ ခုနှစ် ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ဥပဒေနဲ့ ငြိစွန်းတယ်လို့ တရားလိုဘက်က ရှေ့နေ ဦးရောဘတ်စန်းအောင်က Duwun ကို ပြောပြခဲ့ဖူးပါတယ်။ မြောက်ဥက္ကလာတရားရုံးမှာ ပြုလုပ်တဲ့ ရုံးချိန်းတွေမှာ မင်းရာဇာ ဖြေဆိုခဲ့တဲ့ စကားတိုင်းကို တရားလိုဘက်က မှတ်တမ်းတင်ထားတယ်လို့လည်း သိရပါတယ်။ 

အိမ်အကူအမျိုးသမီးငယ်အား ညှင်းပန်းနှိပ်စက်မှုနဲ့ သရုပ်ဆောင်မင်းရာဇာ အပါအဝင် ၄ ဦးကို မေ ၇ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ်တရားရုံမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့တာဖြစ်ပြီး မင်းရာဇာရဲ့ ယောက္ခထီးဖြစ်သူအငြိမ်းစား ရဲဝန်ထမ်း ဦးမောင်မောင်အေးက တရားရုံးမှာ ငွေကျပ် ၁၀ သိန်းဖြင့် အာမခံရရှိခဲ့ပါတယ်။ မင်းရာဇာနဲ့ အပေါင်းအပါ (၃)ဦးကို အိမ်အကူမိန်းကလေးအား အက်စစ်နဲ့ပက်မှုဖြင့် မိန်းကလေးရဲ့ မိခင်က ရွှေပေါက်ကံ ရဲစခန်းမှာ (ပ)အမှတ် ၅၀၅၊ ပုဒ်မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူခဲ့တာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က