မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီ - စက်စဲ သွားရာ လမ်းမှာ ဘုရားဖူးယာဉ်တိမ်းမှောက်ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ယာဉ်ပေါ်ပါ ၈ ဦးလည်း ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်ရပ် ဒီနေ့နိုဝင်ဘာလ ၂၀ ရက်နေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တယ် လို့သိရပါတယ်။
ယာဉ်တိမ်းမှောက်မှုမှာ ဒဏ်ရာရရှိသူ တွေထဲမှာ ၄ ဦးက ဒဏ်ရာပြင်းထန်ကြောင်း၊ ဒဏ်ရာရရှိ သူတွေနဲ့သေဆုံးသူတစ်ဦးကို သံဖြူဇရပ်ဆေးရုံကိုပို့ဆောင်ခဲ့ပေမယ့် လူနာတွေဟာ မော်လမြိုင်ကဖြစ်လို့ မော်လမြိုင်ဆေးရုံကို ပြန်လွှဲတာကြောင့် ထပ်မံပို့ဆောင်ပေးနေရတယ်လို့သိရပါတယ်။
ဓာတ်ပုံ - Aung Myint Myat
"လူနာ ၈ ယောက်လောက်ရှိတယ်။ သေဆုံးကတစ်ယောက်ရှိတယ်။ ယာဉ်မောင်းသေတာပေါ့။ ကျွန်တော်တို့ရောက်သွားတော့ ကားက တစ်နေရာ၊ လူတွေကအကုန်ပျံ့နေတယ်။ ဒဏ် ရာပြင်းထန်က ၄ ယောက်လောက်ရှိတယ်။ နောက်ထပ် ၄ ယောက်က ခေါင်းပေါက်လက်ကျိုးအဲ့ဒါတွေရှိတယ်။ ကလေးတွေ လူကြီးတွေပါတယ်။ ဒဏ်ရာရတာ အမျိုးသမီးတွေများတယ်။ ခေါင်းပေါက်လက်ကျိုးတွေက ကလေးတွေများတယ်။ လူနာတွေအကုန်လုံးက မော်လမြိုင်ကဖြစ်လို့ သံဖြူဇရပ်ကနေ မော်လမြိုင်ကို refer လုပ်လို့ ပြန်ပို့နေတာ " လို့ ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်း ဝင်တစ်ဦးကပြောပါတယ်။
ဓာတ်ပုံ - Aung Myint Myat
အဆိုပါကားသည် မော်လမြိုင်ကနေ ကျိုက္ခမီကို သွားရောက်မယ့် ဘုရားဖူးကားဖြစ်ပြီး ကျိုက်က္ခမီ စက်စဲလမ်းဆုံအနီးမှာ ဆိုင်ကယ်ကို ကျော်တက်ရင်း အရှိန်မထိန်းနိုင်ဖြစ်ကာ တိမ်းမှောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ကျိုက္ခမီ စက်စဲလမ်းမှာက နှစ်စဉ်ဘုရားဖူးရာသီရောက်တိုင်း ဘုရားဖူးယာဉ်တိမ်းမှောက်ခြင်းတွေရှိတယ်လို့သိရပါတယ်။