တစ်နှစ်တာရဲ့ အရေးပါဆုံး Apple ထုတ်ကုန်မိတ်ဆက်ပွဲတစ်ခုတော့ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။
Far Out နာမည်နဲ့ ထုတ်ကုန်မိတ်ဆက်ပွဲမှာ iPhone 14 သစ်တွေ နဲ့ ဟိုးအရင်ကတည်းက သတင်းတွေထွက်နေတဲ့ Apple Watch Ultra အပါအဝင် Apple Watches သစ် ၃ မျိုးနဲ့ မျိုးဆက်သစ် AirPods Pro earbuds သစ်တွေ ပါဝင်လာပါတယ်။ ဒီထုတ်ကုန်တွေနဲ့အတူ Apple မိတ်ဆက်ပွဲမှာ ကြေညာသွားတဲ့ ကြေညာချက်တွေထဲက အရေးပါတဲ့ Announcement တွေအကြောင်း စုစည်းတင်ဆက်လိုက်ပါတယ်။
(၁) Plus စီးရီးသစ် ပြန်အသက်ဝင်လာမှု
iPhone 14 ရိုးရိုးမော်ဒယ်တွေဟာ iPhone 13 နဲ့ သိပ်ကွာတာ မရှိပါဘူး။ notch ဒီဇိုင်းပဲ ဆက်သုံးပြီး A15 Series Chip တပ်ဆင်ထားပါတယ်။ ထူးထူးခြားခြားတစ်ခုက Max နာမည်အစား Plus မော်ဒယ်သစ်ကို မိတ်ဆက်လိုက်တာပါ။ iPhone 14 Plus ဟာ ပိုကြီးတဲ့ ၆.၇ လက်မ Display ၊ ပိုသက်တမ်းခံတဲ့ ဘက်ထရီနဲ့ လာပါတယ်။
iPhone 14 ရော iPhone 14 Plus ပါ အဆင့်မြှင့်ထားတဲ့ 12MP Main Sensor ၊ Autofocus ပါ 12MP TrueDepth Selfie ကင်မရာတွေ ပါရှိပါတယ်။ iPhone 14 ကို ၇၉၉ ဒေါ်လာဈေး ၊ iPhone 14 Plus ကို ၈၉၉ ဒေါ်လာဈေးတွေနဲ့ ရောင်းချသွားမှာပါ။ စက်တင်ဘာ ၉ ရက်နေ့ Pre-Order မှာနိုင်မှာ ဖြစ်ပြီး စက်တင်ဘာ ၁၆ ရက် ဈေးကွက်မှာ ရောင်းချသွားမှာပါ။ Plus မော်ဒယ်ကိုတော့ အောက်တိုဘာ ၇ ရက်နေ့မှာမှ ဈေးကွက်ထဲ ဝင်ရောက်မှာ ဖြစ်ပါတယ်။
(၂) Dynamic Island သစ်နဲ့ notchless ဒီဇိုင်းသုံးလာတဲ့ iPhone 14 Pro
iPhone သစ်တွေထဲမှာ Pro နဲ့ Pro Max တွေကမှ တကယ့် Upgrades လုပ်ထားတဲ့ဖုန်းတွေလို့ ဆိုနိုင်ပါတယ်။ ဒီဇိုင်းပိုင်းမှာ ရုပ်ဆိုးဆိုး notch အစား ကင်မရာနဲ့ Under-Display FaceID စနစ်တွေ ပါဝင်တဲ့ ဆေးတောင့်ပုံကင်မရာ cutout မျိုးကို သုံးလာပါတယ်။ ဒီ Design ကို Dynamic Island လို့ နာမည်ပေးထားပြီး True Depth ကင်မရာသစ်က မော်ဒယ်ဟောင်းတွေထက် ၃၀% ပိုသေးတယ်လို့ ဆိုပါတယ်။ ထူးခြားတာက Dynamic Island ထဲမှာ App တချို့အတွက် ထူးထူးခြားခြား ပုံစံလေးတွေနဲ့ Noti လေးတွေပါ ဖော်ပြနိုင်တာပါ။ Dynamic Island ထဲမှာ AirDrop ၊ ဘက်ထရီ Level ၊ နာရီ ၊ ဖုန်းခေါ်ဆိုမှု ၊ သီချင်း ၊ မြေပုံ ၊ Wallet နဲ့ Voice Memos တို့လို App တွေရဲ့ အချက်အလက်တွေ ဖော်ပြပါတယ်။
Pro Lineup တွေဟာ အားကောင်းတဲ့ မျိုးဆက်သစ် A16 Boinic Chipset နဲ့ လာပြီး ပိုပြီး တောက်ပတဲ့ Display ၊ ပိုကောင်းတဲ့ ဘက်ထရီသက်တမ်း ၊ Quad-Pixel Sensor ပါ 48MP ကျောဘက်ကင်မရာတို့ ပါဝင်လာပါတယ်။ Refresh Rate ကို 1Hz အထိ လျှော့ချနိုင်မှုနဲ့အတူ ProMotion Display သစ်မှာ Always-On Display စနစ် ပါလာပြီ ဖြစ်ပါတယ်။ iPhone 14 Pro နဲ့ Pro Max တွေကို ၉၉၉ ဒေါ်လာနဲ့ ၁၀၉၉ ဒေါ်လာဈေးတွေနဲ့ ရောင်းချသွားမှာပါ။
(၃) eSIM နဲ့ပဲ မိတ်ဆက်လာ
Apple ဟာ အမေရိကန်မှာ ရောင်းချတဲ့ iPhone 14 မော်ဒယ်တွေအားလုံးမှာ physical SIM trays ဖြုတ်ပြီး ရောင်းပါတယ်။ SIM Card အစား ဒီဂျစ်တယ်ဆင်းမ်ကတ်အမျိုးအစားတစ်ခုဖြစ်တဲ့ eSIM စနစ်နဲ့ လာပါတယ်။ eSIM တွေက ပိုပြီး စိတ်ချရသလို carriers တွေအကြား အလွယ်တကူ ပြောင်းလို့လည်း ရနိုင်တယ်လို့ Apple က ပြောပါတယ်။ ဖုန်းထဲက SIM Card ထုတ်ပြီး တခြား ဖုန်းထဲ ထည့်ပြောင်းချင်သူတွေအတွက်တော့ လက်ဝင်နိုင်ပါတယ်။
(၄) ဂြိုလ်တုစနစ်နဲ့ အရေးပေါ် မက်ဆေ့တွေ ပို့နိုင်မယ်
iPhone 14 နဲ့ iPhone 14 Pro တွေမှာ အရေးပေါ်အခြေအနေတွေအတွက် ဂြိုလ်တုဆက်သွယ်ရေးနည်းပညာ ပါလာပြီ ဖြစ်ပါတယ်။ ဒီနည်းပညာက အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေမှာပဲ အသုံးပြုနိုင်ဦးမယ့် နည်းပညာဖြစ်ပြီး လိုင်းမမိတဲ့နေရာမျိုးရောက်ရင် ဖုန်းနဲ့ အနီးဆုံးဂြိုလ်တုကို ချိတ်ဆက်ပြီး အရေးပေါ်အကူအညီတောင်းဖို့ SOS Message တိုတွေ ပေးပို့နိုင်မှာပါ။ ဒါကလည်း နှစ်နှစ်ပဲ Free ပေးသုံးသွားမှာ ဖြစ်ပြီး ၂ နှစ်ကျော်ရင်တော့ ဝယ်သုံးရမယ့် ဝန်ဆောင်မှုဖြစ်လာမှာပါ။
(၅) အကြမ်းစားအားကစားတွေအတွက် Ultra စမတ်နာရီသစ်
Apple Watch Series 8 သစ်တွေထဲမှာ တကယ့်အကြမ်းစားအားကစားသမားတွေအတွက် ဒီဇိုင်းထုတ်ထားတဲ့ Rugged Design နဲ့ နာရီသစ်တစ်မျိုး ပါဝင်လာပါတယ်။ Apple Watch Ultra မော်ဒယ်ဟာ ၄၉ မီလီမီတာ တိုက်တေနီယမ်အိုးနဲ့လာပြီး အားကစားတွေ တစ်ခုနဲ့တစ်ခုအကြား ပြောင်းဖို့အတွက် Customizable Action Button သစ် ပါလာသလို ရေအောက်ဒိုက်ဗင်သမားတွေအတွက် Oceanic Plus App သစ်လည်း ထည့်ပေးထားပါတယ်။
ဒီနာရီဟာ တစ်ခါအားသွင်းထားရင် ၃၆ နာရီအားခံမယ်လို့ ဆိုပါတယ်။ ဒီနှစ်ထဲမှာ ဘက်ထရီစွမ်းရည်မြှင့် Feature တစ်ခု မိတ်ဆက်သွားဖို့ရှိပြီး ဒီ Feature နဲ့ဆို Ultra မော်ဒယ်ဟာ ဘက်ထရီကို နာရီ ၆၀ အထိ အားခံနိုင်မယ်လို့လည်း ပြောပါတယ်။ Apple Watch Ultra ကို ၇၉၉ ဒေါ်လာဈေးနဲ့ အော်ဒါမှာယူနိုင်မှာ ဖြစ်ပြီး စက်တင်ဘာ ၂၃ ရက်နေ့ စတင်ရောင်းချသွားမှာပါ။
(၆) အပူချိန်တိုင်း အာရုံခံစနစ်တွေ ပါလာတဲ့ Watch Series 8
မျိုးဆက်သစ် Apple Watch Series 8 တွေမှာ အပူချိန်တိုင်း Sensor သစ် နှစ်မျိုး ပါလာပါတယ်။ တစ်ခုက နာရီအိုးအနောက်မှာ ဖြစ်ပြီး နောက်တစ်ခုက ကိုယ်ဝန်ဆောင်မှုအခြေအနေကို ခြေရာခံနိုင်အောင် ထုတ်ထားတဲ့ Display အောက်က Sensor ဖြစ်ပါတယ်။ ကိုယ်အပူချိန်ကို ၅ စက္ကန့်ကြာ တစ်ခါတိုင်းပေးသွားမှာ ဖြစ်ပြီး ၀.၁ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ အပူချိန်ပြောင်းလဲမှုတွေကို ထောက်လှမ်းနိုင်မယ်လို့လည်း ဆိုပါတယ်။
Watch Series 8 နာရီသစ်တွေမှာ ယာဉ်တိုက်မှုကို သိရှိပြီး အကူအညီခေါ်ပေးနိုင်မယ့် Crash-Detecting Feature သစ်တစ်ခု ပါရှိပါတယ်။ Low-Power Mode တစ်ခုလည်း ပါရှိပြီး ဒီ Mode က Always-On Display လိုမျိုး Feature တချို့ကို ပိတ်ထားပြီး ဘက်ထရီပါဝါကို ထိန်းထားနိုင်မှာပါ။ Apple Watch Series 8 တွေကို GPS ဗားရှင်းအတွက် ၃၉၉ ဒေါ်လာ ၊ ဆယ်လူလာဗားရှင်းအတွက် ၄၉၉ ဒေါ်လာဈေးတွေနဲ့ ရောင်းချသွားမှာ ဖြစ်ပြီး စက်တင်ဘာ ၁၆ ရက် ဈေးကွက်ထဲ ရောက်လာမှာ ဖြစ်ပါတယ်။
(၇) Apple Watch SE ပြန်လာပြီ
ဈေးသိပ်မကြီးတဲ့ SE ဗားရှင်း Apple Watch မျှော်နေသူတွေအတွက် မျိုးဆက်သစ် Apple Watch SE သစ် ထွက်လာပြီ ဖြစ်ပါတယ်။ Apple Watch SE မှာ အရင် ၂၀၂၀ မော်ဒယ်ထက် ၂၀% ပိုမြန်တဲ့ S8 Chipset နဲ့ လာပြီး Watch Series 8 လိုပဲ ယာဉ်တိုက်မှုကို သိရှိအကူအညီတောင်းခံနိုင်မယ့်စနစ်တွေ ပါဝင်လာပါတယ်။ Apple Watch SE ကို GPS ဗားရှင်းအတွက် ၂၄၉ ဒေါ်လာနဲ့ ဆယ်လူလာမော်ဒယ်အတွက် ၂၉၉ ဒေါ်လာဈေးတွေနဲ့ ရောင်းချသွားမှာ ဖြစ်ပြီး စက်တင်ဘာ ၁၆ ရက်နေ့ ဈေးကွက်ထဲ ဝင်ရောက်မှာပါ။
(၈) ဒုတိယမျိုးဆက် AirPods Pro
ဆူညံသံဖယ်ရှားးရာမှာ ပိုကောင်းတဲ့ AirPods သစ်လည်း Far Out ပွဲမှာ မိတ်ဆက်သွားပါတယ်။ အဆင့်မြှင့်တင်ထားတဲ့ AirPods Pro တွေဟာ H2 Chip သစ်နဲ့လာပြီး Spatial Audio စနစ်နဲ့ အရင်မော်ဒယ်တွေထက် ဆူညံသံဖယ်ရှားမှုစွမ်းရည် ၂ ဆပိုကောင်းတယ်လို့ ဆိုပါတယ်။ တစ်ခါအားသွင်းထားရင် ၆ နာရီဆက်တိုက် သီချင်းနားထောင်နိုင်ပြီး အားသွင်း Charging Case နဲ့ဆို နာရီ ၃၀ အထိ ဘက်ထရီခံပါတယ်။ Earbud တစ်ခုစီ နဲ့ အားသွင်း Charging Case တွေမှာ စပီကာတွေ တပ်ဆင်ထားပြီး နားကြပ်ပျောက်ရင် Find My App သုံးပြီး တည်နေရာ ရှာလို့ ရနိုင်မှာပါ။ AirPods Pro သစ်တွေကို စက်တင်ဘာ ၉ ရက်နေ့မှာ ၂၄၉ ဒေါ်လာဈေးနဲ့ Pre-Order မှာယူနိုင်မှာ ဖြစ်ပြီး စက်တင်ဘာ ၂၃ ရက်နေ့ ဈေးကွက်ထဲ ရောက်ရှိလာမှာ ဖြစ်ပါတယ်။
(၉) iOS 16 နဲ့ WatchOS 9 လည်း လာမည်
စက်တင်ဘာ ၁၂ ရက်နေ့မှာ iOS 16 နဲ့ WatchOS 9 သစ်တို့ ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။ iOS 16 Update မှာ screen အောက်ခြေကနေ အပေါ်ကို တက်လာတဲ့ Widegets နဲ့ notis တွေအပါအဝင် Lock Screen အတွက် Features သစ်တွေလည်း ပါဝင်လာမှာပါ။ watchOS 9မှာတော့ fitness Tracking ပိုင်း တိုင်းတာရေးစနစ်သစ်တွေ ထည့်သွင်းလာမှာ ဖြစ်ပါတယ်။