တုတ်ထိုးအစုံကိုစျေးတန်တန်နဲ့အရသာကောင်းကောင်းစားချင်သူတွေအတွက်သက်တမ်းရင့်ကြက်သားတုတ်ထိုးဆိုင်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။
လှိုင်သာယာရဲ့သက်တမ်းရင့်တုတ်ထိုးဆိုင်
မိတ်ဆက်ပေးချင်တဲ့ ဆိုင်လေးကတော့ လှိုင်သာယာရဲ့ သက်တမ်းရင့် တုတ်ထိုးဆိုင်ထဲမှာ ပါ၀င်တဲ့ ပူစူးမ ကြက်သားတုတ်ထိုးဆိုင်ပါ။ တုတ်ထိုး အမျိုးအစားစုံပြီး လက်ရာကောင်းတယ်လို့ နာမည်ကျော်တဲ့ဆိုင်ပါ။ ဆိုင်သက်တမ်း ၁၇ နှစ် ကျော်ပြီဖြစ်တဲ့ ဒီဆိုင်က တုတ်ထိုးတစ်ချောင်း(၁၀)ကျပ် ကတည်းကနေ အခုချိန်ထိ လက်မလည်အောင် ရောင်းကောင်းနေဆဲ ဖြစ်ပါတယ်။
အလုပ်သမားတွေအတွက်ချွေတာရေးဆိုင်လေး
ဒီဆိုင်လေးက စက်ရုံအလုပ်သမားတွေအတွက် ချွေတာရေးဆိုင်လေးလို့ဆိုနိုင်ပါတယ်။ တုတ်ထိုး အပါအ၀င် ဒီဆိုင်မှာရောင်းတဲ့ အစားအသောက်တွေကစျေးသင့်ပြီး ပါ၀င်မှုများလို့ အလုပ်သမားတွေရဲ့ အားထားရတဲ့ ဆိုင်လေးတစ်ဆိုင်လည်း ဖြစ်ပါတယ်။
“တုတ်ထိုးလေးနဲ့ စားချင်လည်းရတယ်။ ကြာဇံကြော်နဲ့ ထမင်းလေးနဲ့ စားချင်လည်းရတယ်။ ဒီမှာက စက်ရုံဆင်းတဲ့သူ တော်တော်များများက တုတ်ထိုးနဲ့ရော၊ကြာဇံကြော်နဲ့ရောစားကြတယ်။ စျေးသင့်တော့ စားတဲ့သူများတယ်”လို့ ဆိုင်ရှင်မပူစူးမ ကပြောပါတယ်။
စက်ရုံဆင်းချိန်ဆို၀က်၀က်ကွဲရောင်းရ
ဒီလို စျေးတန်ပြီးလက်ရာကောင်းလို့ ဆိုင်စခင်းချိန်ကတည်းက စားသုံးသူမပြတ်သလို စက်ရုံဆင်းချိန်ဆိုရင်တော့ ထိုင်စားဖို့နေရာမရှိလောက်အောင် ၀က်၀က်ကွဲ ရောင်းရပါတယ်။“အရင်ဆိုင်က ၃နာရီလောက်မှဖွင့်တာ အခုကဆိုင်ဖွင့်ချိန်ရှေ့တိုးထားရတယ်။ဆိုင်စခင်းတာနဲ့ကို စားသုံးသူကတန်းစီနေပြီ။စက်ရုံဆင်းချိန်တို့၊အလုပ်ပိတ်ရက်တို့ဆိုရင်တော့ ထိုင်စရာနေရာမရှိလို့ မတ်တပ်ရပ်စားကြတဲ့အထိကို လက်မလည်အောင်ရောင်းရတယ်”လို့ မပူစူးမကပြောပါတယ်။
ကြက်တုတ်ထိုးကအကျိုးပေးတယ်
တုတ်ထိုး မရောင်းခင်က အသုပ်၊မုန့်ဟင်းခါး ရောင်းခဲ့ပေမယ့် အခုလောက်မရောင်းရဘဲ ကြက်သားတုတ်ထိုး ရောင်းတော့မှ မိသားစု ပိုအဆင်ပြေလာလို့ ဒီအလုပ်ကိုပဲ တစ်စိုက်မတ်မတ် လုပ်ဖြစ်ခဲ့တယ်လို့ မပူစူးမ ကပြောပါတယ်။
“ဒီအလုပ်က ကိုယ့်အတွက် စားဖို့အတွက် လည်းမပူရဘူး အစစအရာရာအဆင်ပြေတယ်။ အရင်ကတော့ အစုံ ရောင်းခဲ့ဖူးတယ်။ ကြက်သား တုတ်ထိုးနဲ့မှ အဆင်ပြေတော့ ဒါပဲဆက်ရောင်းဖြစ်တာ အခုဆို၁၇နှစ်ရှိပြီ” လို့ သူကပြောပါတယ်။
ဒီဆိုင်မှာရတဲ့တုတ်ထိုးတွေက
ပူစူးမ ကြက်သားတုတ်ထိုး ဆိုင်မှာတော့ ကြက်သားတုတ်ထိုး၊ ကိုရီးယားအကင် တုတ်ထိုး၊သက်သတ်လွတ်တုတ်ထိုး၊ကြာဇံကြော်၊ခေါက်ဆွဲကြော်နဲ့ကြာဇံချက် တို့ရပြီး အားလုံးနီးပါး လူကြိုက်များ ရောင်းကောင်းပါတယ်။
စျေးနှုန်းနဲ့ဆိုင်ဖွင့်ချိန်
ကြက်သား တုတ်ထိုး အပါအ၀င် တုတ်ထိုးတွေကတော့ ကြိုက်တာစား(၂၀၀)ကျပ်ပါ။ ကျန်တဲ့ အမယ်တွေကတော့ တစ်ပွဲကို(၁၅၀၀)ကျပ်ပါ။ ဆိုင်ဖွင့်ချိန်ကတော့ နေ့လည် (၂) နာရီကနေည (၇) နာရီအထိပါ။ဆိုင်လိပ်စာကတော့ လှိုင်သာယာမြို့နယ်၊၁၈ရပ်ကွက်၊ရွှေရင်အေးစျေးလမ်းမဖြစ်ပါတယ်။ တုတ်ထိုးကြိုက်သူတွေအတွက်လက်ရာကောင်းစျေးတန်တဲ့ဆိုင်လေးမို့ ညွှန်းဆိုပေးလိုက်ပါတယ်။