စမတ်ဖုန်းတွေ ကွန်ပျုတာတွေ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာနိုင်တဲ့ ဒီနေ့ခေတ်ကမ္ဘာကြီးမှာ ဆယ်ကျော်သက်လူငယ်တွေအကြား Sexting ဆိုတဲ့ တစ်နည်းအားဖြင့် Sex Chat ခြင်းဆိုတဲ့ စကားလုံးကိုတွင်တွင်ကျယ်ကျယ်သုံးလာသလို ရေပန်းစားလာပါတယ်။ Sexting (Sex Chat) လုပ်ခြင်းက လူငယ်တွေအကြားရေပန်းစားလာသလို အန္တရာယ်ကိုလည်းဖိတ်ခေါ်နေတာကြောင့် Sexting အကြောင်းကို မိဘတွေအနေနဲ့လည်း သေသေချာချာသိရှိနားလည်ဖို့လိုလာပါပြီ။ Sexting ဆိုတာဘာလဲ၊ ဘာကြောင့် Sexting က အန္တရာယ်ရှိစေနိုင်တာလဲ။
Sexting ဆိုတာဘာလဲ
Photo: Liberadict
Sexting ဆိုတာ စမတ်ဖုန်း၊ Tablet၊ ကွန်ပျုတာတွေကိုအသုံးပြုပြီး လိင်ပိုင်းဆိုင်ရာညစ်ညမ်း မက်ဆေ့ချ်များ၊ ဓာတ်ပုံ၊ ဗီဒီယိုတွေကိုပေးပို့ခြင်းပါ။ sex texting ဆိုလည်းသိကြပါတယ်။
Sexting မှာ လိင်ဆက်ဆံနေတဲ့ ဗီဒီယို၊ ဓာတ်ပုံ၊ အဖော်အချွတ်ပုံတွေနဲ့ လိင်နဲ့ပတ်သက်တဲ့ စကားပြောဆိုမှုတွေပါဝင်ပါတယ်။ ဒီလို အပြုအမူတွေကို အင်တာနက်အသုံးပြုပြီး ပြန်လည်ပေးပို့တာ၊ အပြန်အလှန်မျှဝေတာ၊ လက်ခံရယူတာကို Sexting လို့ခေါ်ပါတယ်။
ဘာကြောင့် Sexting က အန္တရာယ်ရှိစေနိုင်တာလဲ
Photo: unr.edu
လူနှစ်ဦးအကြားမှာ မျှဝေလိုက်တဲ့ ဓာတ်ပုံတစ်ပုံဟာ ဗိုင်းရပ်စ်လိုပဲ လျှင်မြန်တဲ့အရှိန်နှုန်းပျံ့နှံ့သွားစေနိုင်ပါတယ်။ ဆယ်ကျော်သက်လူငယ်တွေဟာ သူတို့ Sexting လုပ်ထားတဲ့အကြောင်းအရာကို လျှို့ဝှက်ထားမယ်လို့ ယုံကြည်ကြပေမယ့် ရံဖန်ရံခါမှာ ပြန်လည်မျှဝေမှုက ကိုယ့်ရဲ့သူငယ်ချင်းတွေ၊ အတန်းဖော်တွေအထိကို ပျံ့နှံ့ရောက်ရှိနေတာမျိုး ကြုံရနိုင်ပါတယ်။
Sexting လုပ်ရာမှာ ကိုယ်တိုင်ပါဝင်တဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေအပြင် အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို ဖမ်းဆီးခြိမ်းခြောက်ပြီး စေခိုင်းမှုဖြစ်စဉ်တွေလည်းရှိပါတယ်။ လျှို့ဝှက်ထားမယ်လို့ယူဆပြီး ကိုယ့်ရဲ့ဓာတ်ပုံ၊ ဗီဒီယိုတွေကို မျှဝေခဲ့ကြတဲ့ ဆယ်ကျော်သက်တွေဟာ အကျိုးဆက်အနေနဲ့ ပြင်းထန်တဲ့စိတ်ခံစားမှုတွေ၊ လူမှုရေးရိုက်ခတ်မှုတွေကြောင့် ကိုယ့်ကိုကိုယ် သတ်သေတာမျိုးအထိဖြစ်စေနိုင်ပါတယ်။
ဘာကြောင့် Sexting လုပ်တာလဲ
Photo: AP
အကြောင်းပြချက်အမျိုးမျိုးရှိကြပါတယ်။ ဆယ်ကျော်သက်လူငယ်တွေအတွက်တော့ သူငယ်ချင်းတွေနဲ့ ချစ်သူတွေရဲ့ဖိအားကြောင့် Sexting ကို လုပ်ကြတယ်လို့သိရပါတယ်။ ၂၀၀၈ခုနှစ်က အမေရိကန်မှာလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ Sexting ကို သူငယ်ချင်းတွေရဲ့တိုက်တွန်းမှုနဲ့ဖိအားကြောင့် လုပ်ဖြစ်ခဲ့တာလို့ မိန်းကလေး ၂၃ရာခိုင်နှုန်းနဲ့ ယောကျာ်းလေး ၂၄ရာခိုင်နှုန်းက ဖြေကြားခဲ့ကြောင်းသိရပါတယ်။
နောက်ထပ်အကြောင်းပြချက်တွေကတော့ လှောင်ပြောင်လိုမှု၊ ထင်ပေါ်ကျော်ကြားလိုမှုနဲ့ စုံတွဲတွေအကြား အချစ်သင်္ကေတတစ်ခုအနေနဲ့ ချန်ရစ်ခဲ့လိုခြင်းတွေကြောင်းလည်း Sexting လုပ်ဖြစ်ကြတယ်လို့သိရပါတယ်။
မိဘတွေ ဘယ်လိုတားဆီးမလဲ
ပထမဆုံးအနေနဲ့ ကလေးကို စမတ်ဖုန်း၊ ကွန်ပျုတာ အစရှိတဲ့ Digital Device တစ်ခုခုပေးသုံးတော့မယ်ဆိုရင် မသုံးခင်မှာ အပြန်အလှန်ပြောဆိုဆွေးနွေးမှုတွေလုပ်ဖို့လိုပါတယ်။ လိင်နဲ့ပတ်သက်တဲ့ ပညာပေးအစီအစဉ်တွေ စာအုပ်တွေဖတ်ဖို့အတွက် ကလေးကိုတိုက်တွန်းသင့်ပြီး ကိုယ်တိုင်လည်း လိင်မှုဆိုင်ရာ ပညာပေး အကြောင်းကို ပြောဆိုဖို့လိုပါတယ်။
Sexting ရဲ့အကျိုးဆက်ကို ကလေးသိအောင်ပြောပြနိုင်ဖို့အတွက် နေ့စဉ်သတင်းအချက်အလက်တွေကိုလည်း ကိုယ်တိုင် မျက်ခြေမပြတ်အောင်ကြိုးစားထားရမှာပါ။
ကလေးကို Digital Device တစ်ခုခုပေးသုံးတော့မယ့်အချိန်က လိပ်မှုဆိုင်ရာပညာပေးအကြောင်းပြောပြဖို့အတွက် အကောင်းဆုံးအချိန်ပါ။ မဖြစ်ခင်မှာ ဘေးအန္တရာယ်ကိုကြိုတင်သိရှိစေဖို့အတွက် သတင်းအချက်အလက်မျှဝေတာမျိုးကို မိဘတွေအနေနဲ့ လုပ်ဆောင်သင့်ပါတယ်။
Ref: verywellfamily.com
Share