In partnership with  logo
Digital Marketing အဓိကလုပ်ကိုင်တဲ့ agency အရေအတွက်နည်းပါးလွန်းတဲ့အချိန်မှာမှ Digital Kaway ဆိုတဲ့ အေဂျင်စီတစ်ခုရဲ့ CEO ဟာ အမျိုးသမီးတစ်ယောက်ဖြစ်နေခဲ့တယ်လို့ပြောရင် တကယ်ပဲ အံ့သြကြ ရပါလိမ့်မယ်။

လွန်ခဲ့တဲ့လေးနှစ်ကျော်အချိန်ကာလကို ပြန်ကြည့်ရင် မြန်မာနိုင်ငံရဲ့နည်းပညာလောကမှာ အမျိုးသမီးတွေထက် အမျိုးသားတွေသာ နေရာယူထားတာ သတိပြုမိကြပါလိမ့်မယ်။ ဒါပေမယ့် အဲ့ဒီလိုခေတ်ကာလ အထူးသဖြင့် Digital Marketing အဓိကလုပ်ကိုင်တဲ့ agency အရေအတွက်နည်းပါးလွန်းတဲ့အချိန်မှာမှ Digital Kaway ဆိုတဲ့ အေဂျင်စီတစ်ခုရဲ့ CEO ဟာ အမျိုးသမီးတစ်ယောက်ဖြစ်နေခဲ့တယ်လို့ပြောရင် တကယ်ပဲ အံ့သြကြ ရပါလိမ့်မယ်။ 

အရိုးစွဲလာတဲ့ အမျိုးသား၊ အမျိုးသမီးတန်းတူအခွင့်အရေးပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ သာမက အမျိုးသားတွေလောက် အမျိုးသမီးတွေက မလုပ်နိုင်ဘူး၊ မတော်ဘူး၊ မယှဉ်နိုင်လောက်ဘူးဆိုတဲ့ ဖိုဝါဒီတွေအရပါ အမျိုးသားတွေလွှမ်းမိုးကျင်လည်တာများတဲ့ ဒီနယ်ပယ်မှာ ဦးဆောင်သူတစ်ယောက်ဖြစ်ရတာ အခက်အခဲတွေရှိခဲ့ပေမယ့် ကိုယ်ဖြစ်ချင်တဲ့အရာ၊ ကိုယ်လုပ်ချင်တဲ့အလုပ်တစ်ခုအတွက် ဘယ်လိုပြသနာတွေ ၊ စိန်ခေါ်မှုတွေ ကြုံလာပါစေ သတ္တိရှိရှိနဲ့ဖြတ်သန်းရင်း ကိုယ့်နာမည်၊ ကိုယ့်ရပ်တည်မှု၊ ကိုယ်ကြိုးစား ပုံဖော်ခဲ့တာတွေက ဘာဆိုတာ ခိုင်မိုင်စွာပြသလာနိုင်ခဲ့သူကတော့ စန္ဒီစိန်သိန်း ဆိုတဲ့အမျိုးသမီးတစ်ဦးပါပဲ။

သူမရဲ့အကြောင်းလေး သေချာပြောပြရရင်တော့ ကျောင်းပြီးပြီးချင်း Sedona ဟိုတယ်မှာ Telephone Operator အဖြစ် ပထမဆုံးအလုပ်စဝင်ခဲ့တဲ့သူမဟာ အတွေ့အကြုံပေါင်းများစွာကို စုဆောင်းရင်းနဲ့ သူမလုပ်ချင်တာက ဘာလဲဆိုတာကို စတင်တွေးတောလာခဲ့သူပါ။ ဟိုတယ်မှာ အလုပ်လုပ်နေချိန်တွေ သူမ သဘောကျတဲ့အလုပ်ဟာ Sale & Marketing ပိုင်းဆိုတာသိရှိလာချိန်မှာတော့ ဟိုတယ်အလုပ်ကထွက်ပြီး Marketing ပိုင်းကို လေ့လာသင်ယူရင်း အလုပ်စဝင်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကတည်းက အခုထိ Industry က ပြောင်းလဲမှုတွေရှိခဲ့ပေမယ့် သူမကတော့ Marketing ပိုင်းကိုသာ ဆက်သွားခဲ့တာပါ။

နည်းပညာလောကထဲ သူမရောက်လာခဲ့ပြီး Digital Kaway Marketing Agency ဆိုပြီး ဖြစ်လာပုံ အကြောင်းကိုတော့ သူမက “၂၀၁၅ ခုနှစ်က မြန်မာပြည်မှာ digital marketing ကို အဓိကလုပ်တဲ့ agency အရေအတွက်က အရမ်းနည်းနေတဲ့အချိန်မှာ ကျွန်မနဲ့အခြား co-founder နှစ်ယောက်က စလုပ်မယ်ဆိုပြီး ဖြစ်လာခဲ့ပါတယ်။ အဲဒီလိုနဲ့ Digital Kaway ဆိုပြီးဖြစ်လာခဲ့တာပါ။ လမ်းတစ်ဝက်မှာ အတူတူတည်ထောင်ခဲ့တဲ့ partner တွေကလည်း သူတို့ပိုအားသန်ရာလမ်းကြောင်းကို ခွဲလျှောက်သွားရင်းနဲ့ ကျွန်မတစ်ယောက်တည်း ဆက်သွားဖြစ်ခဲ့ပါတယ်။ အခုဆိုရင် company က ၄နှစ်ကျော်သွားပြီးရှင့်။ အဓိက common ရည်ရွယ်ချက်ကတော့ အဲဒီချိန်မှာ digital marketing service တွေက အရမ်းခေတ်မစားသေးပေမယ့်လည်း နောင်မှာ local business demand တွေအတွက် များလာနိုင်တဲ့ service ဖြစ်တာကြောင့် ဒီအေဂျင်စီကို တည်ထောင်ခဲ့ခြင်း ဖြစ်ပါတယ်”တဲ့။

အမျိုးသားတွေသာ လွှမ်းမိုးထားတဲ့ နည်းပညာနယ်ပယ်မှာ အမျိုးသမီးဦးဆောင်သူတစ်ယောက် ဖြစ်တာမို့ အဲဒီအချိန်နဲ့ အခုလိုအခြေအနေမျိုးမှာ ဘယ်လိုကွာခြားမှုတွေ ရှိလာပြီလဲဆိုတဲ့အကြောင်း အခုလို ပြောပြသွားပါသေးတယ်။

“လွန်ခဲ့တဲ့ ၄နှစ်က ဒီနယ်ပယ်မှာ မိန်းကလေးရှားတဲ့အတွက် အထူးအဆန်းလို ဖြစ်နေတတ်တယ်။ အခုတော့ နည်းနည်း ပိုများလာတယ်။ မကောင်းတဲ့အချက်ကတော့ အရိုးစွဲလာတဲ့ ဖိုဝါဒီအတိုင်း အမျိုးသမီးတွေက အမျိုးသားတွေကို မယှဉ်နိုင်လောက်ဘူး၊ မတော်ဘူးလို့ ထင်တာတွေတော့ရှိတယ်။ လက်ရှိအချိန်ထိ ဒါကလည်း အမျိုးသမီးတွေက တလျှောက်လုံး second gender နေရာမှာရှိနေခဲ့တဲ့အတွက်လည်း ပါတယ်။ အခုခေတ်မှာ မိန်းကလေး CEO က သိပ်မထူးဆန်းတော့ပေမယ့် အရင်တုန်းက Client meeting တွေမှာ မိတ်ဆက်ပြီဆိုရင် ကျွန်မ CEO ပါလို့ပြောရင် ဟုတ်ရဲ့လားလို့ သေချာကြည့်တာမျိုးခံခဲ့ရဖူးတယ်။ ကျွန်မအနေနဲ့ကတော့ ကျွန်မက အမျိုးသမီးတစ်ယောက်ပဲ ဆိုတာကို အမြဲမေ့နေပါတယ်။ အတူတွဲလုပ်တဲ့ Partner တွေ၊ ဝန်ထမ်းတွေကလည်း အမျိုးသားတွေ ပဲဖြစ်နေတတ်တယ်။ industry ရဲ့သဘောအရပေါ့နော်။ အဲဒီတော့ Challenge က အမျိုးသမီး ဦးဆောင်တဲ့ company ဖြစ်တဲ့အတွက် တခါတလေမှာ under-estimated လုပ်တာကို သိသာထင်ရှားစွာရော မသိမသာရော ကြုံတွေ့ရပါတယ်။ ဒါကလည်း company သက်တမ်းအတွေ့အကြုံရယ်၊ ကျွန်မကိုယ်တိုင်ငယ်နေသေးခဲ့တာကြောင့် ပါမယ်ထင်ပါတယ်။” လို့ သူမက ပြည့်ပြည့်စုံစုံ ဖွင့်ဟသွားပါတယ်။

အရင်က ဝန်ထမ်းတစ်ယောက်အနေနဲ့သာ လုပ်ကိုင်လာခဲ့ဖူးတဲ့ သူမဟာ ကုမ္ပဏီစထောင်တဲ့အချိန်မှာ ဘဝရဲ့အပြောင်းအလဲတွေအများကြီးထဲက ကြီးကြီးမားမားတစ်ခုကို စတင်ထိတွေ့ခံစားခဲ့ရသလို လူငယ်ပီပီစွန့်စားရတာကို ပျော်တဲ့စိတ်၊ အသစ်ဖြစ်နေခဲ့တဲ့ service တွေကြောင့် ရင်ခုန်ရတဲ့ခံစားမှုတွေအပြင် ကုမ္ပဏီကအသစ်ကျပ်ချွတ်ဖြစ်တာမို့ ကိုယ့်ကိုယုံကြည်ပြီး အလုပ်စအပ်မယ့် Client ကိုရအောင် ကြိုးစားရတာတွေကြောင့် သင်ယူလေ့လာစရာတွေ၊ ရုန်းကန်မှုတွေ အပြည့်ဖြစ်နေခဲ့တာပါ။

အဲဒီအကြောင်းကို သူမက “Digital Marketing ကို ကူးပြောင်းလာတဲ့အချိန်မှာ ကိုယ် target ထားတဲ့ customer ၊ consumer တွေရဲ့ behavior တွေကို သိရုံမကတော့ဘဲ platform တွေ tools တွေကိုနားလည်ဖို့က ကျွန်မသင်ယူရတဲ့ အချက်တွေပါပဲ။ Social media marketing ဆိုရင် ကျွန်မတို့က Marketing သဘောအပြင် user တွေရဲ့ရှေ့ကို ကိုယ့်ရဲ့ content တွေရောက်သွားဖို့ ဘယ်လို technique တွေသုံးရမလဲဆိုတာ ပိုလေ့လာ ရပါတယ်။ Digital Marketing မှာ မြန်မာနိုင်ငံမှာ Facebook မှာပဲ အဓိက လုပ်ကြတယ်ဆိုပေမယ့် သူကအခြား Google SEO လို platform တွေ aspect တွေအများကြီး ရှိပါသေးတယ်။ အဲဒါတွေကိုတော့ အမြဲလေ့လာရပါတယ်”တဲ့။

ကိုယ့်ကုမ္ပဏီရပ်တည်မှုအတွက်သာမက သူမဘာသာသူမ ရှေ့ခရီးလမ်းအတွက် တွန်းအားပေးရတဲ့အချိန် မျိုးတွေကိုလည်း ဗဟုသုတရအောင် မေးဖြစ်ခဲ့ပါသေးတယ်။

 “ကျွန်မက question ပြန်ထုတ်တတ်တဲ့ သူမျိုးဖြစ်တဲ့အတွက် အဲဒီလိုအခြေအနေမျိုးနဲ့ ကြုံရင် ကိုယ့်ကိုယ်ကိုယ်ရော၊ ရင်းနှီးတဲ့ သူတွေကိုရော ပြန်မေးလေ့ရှိပါတယ်။ တချို့ပာာတွေက ကိုယ့်ရဲ့ beyond control ဖြစ်တဲ့အတွက် ထားလိုက်ပြီး အလုပ်နဲ့သက်သေပြပါတယ်။ service ပိုင်းနဲ့ဆိုင်တာဆိုရင်တော့ ပြင်စရာရှိတာပြင်ပြီး ကောင်းတာကို အတုခိုးစရာရှိ ခိုးပါတယ်။”လို့သူမက ပြတ်သားစွာပြောပြသွားသေးတာပါ။

Digital Kaway ဟာ အစောပိုင်းအေဂျင်စီတွေထဲက တစ်ခုဖြစ်တာမို့ ကျေနပ်ပီတိဖြစ်ရတဲ့ သူမဟာ အေဂျင်စီရဲ့ ထူးခြားချက်ကိုလည်း “အစောဆုံး Agency တွေထဲမှာ ကိုယ့်အေဂျင်စီက တစ်ခုအဖြစ်ပါတာကို အမြဲကျေနပ်မိတယ်။ နောက်တစ်ခုက ကျွန်မတို့ Localization မှာ အာရုံအမြဲစိုက်ပါတယ်။ ဘယ်နိုင်ငံတကာ brand ပဲဖြစ်ဖြစ် မြန်မာနိုင်ငံမှာ ထိုးဖောက်ချင်ရင် Local context မိဖို့ လိုပါတယ်။ Agency တိုင်းက ပေးတဲ့ Service တွေက အတူတူဖြစ်နေပေမယ့် သူတို့အားစိုက်ထုတ်ပုံခြင်း မတူတတ်ကြပါဘူး။ နောက်ဆုံးတစ်ခုက နာမည်ပါရှင့်။ ကျွန်မတို့က ဘယ်သူနဲ့မှ မပြိုင်တဲ့ ကဝေ (wizard) ဖြစ်နေပါတယ်။ ကိုယ့် magic နဲ့ကိုယ်အလုပ် ရှုပ်နေတာပေါ့။” လို့ ရယ်မောရင်း ဆိုသွားပါတယ်။

စန္ဒီစိန်သိန်းလို့ ဆိုလိုက်ရင် Digital Kaway အပြင် အခြားလူတွေတွဲပြီးသိကြတဲ့အရာကတော့ Geek Girls Myanmar ရဲ့ ဦးဆောင်သူတစ်ယောက်အနေနဲ့ပါ။ အဲဒီအကြောင်းလေးကိုလည်း သူမက “ကျွန်မ community ကို give back ပြန်လုပ်ချင်တဲ့စိတ် အရင်ကတည်းကရှိနေခဲ့ပါတယ်။ အထူးသဖြင့် အမျိုးသမီးနဲ့ ပတ်သက်တဲ့ Foundation လေးတစ်ခုပေါ့နော်။ ဒီနယ်ပယ်ထဲရောက်လာတဲ့အချိန်မှာ သင့်လျော်မယ် လိုအပ်တဲ့ Space လေးတစ်ခုတွေ့လို့ အကောင်အထည်ဖော်ဖြစ်ခဲ့တာလို့ ပြောရပါလိမ့်မယ်။ Geek Girls က ၂၀၁၄ ထဲက စပြီး Panels တွေ၊ workshop တွေ၊ meet-up တွေလုပ်ဖြစ်ခဲ့ပါတယ်။ ကနဦးပိုင်းကတော့ ရန်ကုန်ပေါ့နော်။ နောက်တော့ ၂၀၁၆ လောက်ကစပြီး မြန်မာတစ်နိုင်ငံလုံး လှည့်ပတ်ပြီး အခြေခံ Digital literary workshop တွေပေးခဲ့ပါတယ်။ အခုဆိုရင် Workshop လုပ်ခဲ့တာ ၁၅ မြို့ရှိပါပြီ။ ရန်ကုန်မှာလည်း အခု Tea talk series တွေလုပ်နေပါတယ်”တဲ့။

ကိုယ်လျှောက်ခဲ့တဲ့လမ်းကို ပြန်လှည့်ကြည့်ဖြစ်တဲ့အခါ နောင်တကင်းကင်းနဲ့ ကိုယ်ဖြစ်ချင်တာတွေကို ပုံဖော်ခွင့်ရနေမယ်ဆိုရင် ဘဝဟာ ဘယ်လောက်ကျေနပ်စရာကောင်းလိုက်မလဲ။ လူတစ်ယောက်ဟာ ဘဝမှာ အနည်းဆုံး နှစ်ကြိမ်၊ သုံးကြိမ်တော့ ကိုယ့်ကိုကိုယ်ဂုဏ်ယူပျော်ရွှင်ရင်း ရှင်သန်နေထိုင်သင့်တယ် မဟုတ်လား။ အဲဒီလိုဂုဏ်ယူပျော်ရွှင်ရဖို့ ဘာတွေများလိုအပ်လိမ့်မလဲ။ သူမမှာရော ဒီလိုအချိန်တွေ ပိုင်ဆိုင်ဖူးသလားဆိုတာ စိတ်ဝင်စားစရာကောင်းလှပါတယ်။

“လျှောက်ခဲ့တဲ့လမ်းကို လှည့်ကြည့်ရင် ငါတော်တော်ထုံပါလားလို့ ထင်ခဲ့ရတဲ့အချိန်တွေလည်း ရှိသလို ဂုဏ်ယူပျော်ရွှင်ရတဲ့ အချိန်တွေလည်း ရှိပါတယ်။ ၂၀၁၇ မှာ ကျွန်မလုပ်နေတဲ့ Geek Girls အတွက်ရော company အတွက်ရော၊ နောက် Forbesရဲ့အသက် ၃၀ အောက်အယောက် ၃၀ စာရင်းမှာ ကျွန်မပါခဲ့တာလေးတွေက ကျွန်မအတွက်ပျော်ရွှင်ဂုဏ်ယူစရာ အချိန်တွေပါပဲ။ အဲဒီအတွက် ဝမ်းသာရသလို ကိုယ့်ကို နှိမ်ခဲ့တဲ့သူတွေကိုလည်း တစ်ခုခု သက်သေပြခဲ့နိုင်တယ်လို့ ထင်ပါတယ်။ ဒီလိုဖြစ်ဖို့ဆိုတာထက် ကျွန်မသဘောက သူများတွေကောင်းတယ်လိုု့ပြောလို့ လိုက်လုပ်လိုက်ရတဲ့သဘောကို မကြိုက်ဘူးရှင့်။ တစ်ယောက်ချင်းဆီမှာ အားသာချက်ရှိတယ်။ လုပ်နိုင်စွမ်းရှိတယ်။ ကျွန်မ ဒီနည်းပညာနယ်ပယ်ကို မဝင်ခင်က ချီတုံချတုံဖြစ်တယ်။ ဘေးကလူတွေကလည်း ဝိုင်းပြောကြတယ်။ အခြားရွေးစရာ Option တွေလည်း ရှိတယ်။ ဒါပေမဲ့ Risk ယူချင်တဲ့စိတ်ရယ် ၊ ပုံမှန်အမျိုးသမီးတစ်ယောက်ဖြတ်သန်းမယ့် company တစ်ခုကနေ ပိုကောင်းတဲ့ company တစ်ခုသွားမယ်၊ အသက်ရလာတာနဲ့အမျှ ရာထူးတွေတိုးလာမယ်ပေါ့။ အဲဒီလိုမျိုးကျွန်မ မလုပ်ချင်ခဲ့ဘူး။ အခြားအမျိုးသမီးတွေကိုလည်း အဓိကတော့ သတ္တိရှိစေချင်တယ်။ စွန့်စားဖို့လိုရင်လည်း စွန့်စားလိုက်စေချင်တယ်။ မှားလည်းကိုယ်ခံ မှန်လည်းကိုယ်ခံမယ်ဆိုတဲ့ စိတ်နဲ့သာ ဆက်လျှောက်သွားပါ။ ကျွန်မကို ပြောဆို ပုတ်ခတ်ဝေဖန်ပြီး ဒီနယ်ပယ်ထဲမှာ ရပ်တည်လို့မရအောင် လုပ်တာတွေလဲ ရှိခဲ့ဖူးပါတယ်။ အဓိကကတော့ သတ္တိရှိရှိဆက်လျှောက်ဖို့ပါပဲ။ ဘေးစကားကို နားမယောင်ဖို့ပဲ လိုတာပါ” လို့ သူမက ပြည့်ပြည့်စုံစုံပြောပြသွားပါတယ်။

ကိုယ်ဝါသနာမပါ၊ အားမသန်တဲ့လိုင်းကို ပိုက်ဆံကြောင့်၊ တခြားအရေးကိစ္စတွေကြောင့် ရွေးချယ်မိမယ်ဆိုရင် အဲ့ဒီအလုပ်ကို ရာခိုင်နှုန်းပြည့် အာရုံစိုက်နိုင်မှာမဟုတ်ဘဲ ပျော်လည်းမပျော်ရ၊ ရှေ့ရောက်ဖို့လည်း ခက်ခဲမှာအမှန်ပါပဲ။ သူမအနေနဲ့ကတော့ စွန့်စားရပေမယ့် ကိုယ့်ကိုပျော်ရွှင်မှုပေးတဲ့ အလုုပ်ကိုသာ ရွေးချယ်ခဲ့တဲ့အတွက် အခုဆိုရင် သူမမျှော်မှန်းထားတာထက် ပိုပြီးတော့တောင် နေရာရလာခဲ့ပါပြီ။ ဒါပေမယ့် လူဆိုတဲ့အတိုင်း အလုပ်လောဘပိုကြီးလာပြီး သင်ယူစရာတွေ ပိုလို့များလာတဲ့အကြောင်းနဲ့ လုပ်ငန်းအတွက်ကြိုးပမ်းမှုအကြောင်းကိုတော့ သူမက “ဒီထက်အများကြီး အလုပ်တွေလုပ်ချင်တယ်။ အများကြီး Community ကို Give back လုပ်ချင်ပါတယ်။ ဒါ့အပြင် New Technology ကအချိန်နဲ့ အမျှပြောင်းလဲတိုးတက်နေပါတယ်။ AJ အများကြီး အဆင့်မြင့်လာတယ်။ Digital Marketing မှာဆိုလည်း demographic တွေ psychographic ကိုပိုပြီး အလေးထားလာပြီး tools တွေကို သုံးလာကြတယ်။ သင်ယူစရာတွေက အများကြီးဖြစ်လာပြီး ကိုယ့်နိုင်ငံနဲ့ အဆင်ပြေမယ့်ပာာမျိုးကို အမြဲလေ့လာနေဖို့ လိုပါတယ်။ ပုံမှန်တိုင်းဆို ကျွန်မ Planning အားနည်းတယ်ရှင့်။ ဒါပေမဲ့ အတွေ့အကြုံအရ အလုပ်ကို စိတ်ကူးပေါက်သလို ထလုပ်တာထက် Plan ကို A၊B ရှိခြင်းက အားသာချက်တွေ အများကြီးရှိတယ်ဆိုတာ ပိုသိလာရတယ်။ ကျွန်မရဲ့လုပ်ငန်းအတွက် အခုချိန်မှာ Plan ထားတာကတော့ Growth အတွက် အားထုတ်ကြိုးပမ်းမှုပါပဲ”တဲ့။

အခုဆိုရင် နည်းပညာလောကမှာ လွန်ခဲ့တဲ့နှစ်တွေနဲ့ မတူကွဲပြားစွာ အမျိုးသမီးတွေ ပိုမိုများပြားလာတာကိုလည်း “ဒါပာာသိသာထင်ရှားတဲ့ ဝမ်းသာစရာလည်း ကောင်းတဲ့ပြောင်းလဲမှုပါ။ လွန်ခဲ့တဲ့ ၄-၅ နှစ်နဲ့ယှဉ်လိုက်ရင် women tech founder တွေပိုများလာတယ်။ နေရာပိုရလာတယ်။ ဒါကိုကြည့်ရင် နည်းပညာနယ်ပယ်ရဲ့ တချို့ရှေးရိုးစွဲ norms တွေကို ဖယ်ထုတ်လာနိုင်ပြီလို့ပြောလို့ရပါတယ်။” လို့ သူမက ဖွင့်ဟသွားခဲ့ပါတယ်။

CEO တစ်ယောက်လည်း ဖြစ်သလို Geek Girls Myanmar ရဲ့ ဦးဆောင်သူလည်း ဖြစ်တဲ့သူမရဲ့ တစ်နေ့တာဟာ အလုပ်ဖိစီးမှုတွေ၊ စိတ်ပင်ပန်းတာတွေ၊ လေ့လာစရာတွေနဲ့ ပြည့်နေမယ်ဆိုတာ စဉ်းစားနေစရာမလိုတော့ပါဘူး။ အလုပ်နဲ့စိတ်ပင်ပန်းလာတဲ့အခါ သူမရဲ့ စိတ်အပန်းဖြေနည်းက ခရီးသွားတာပါ။

ဒါကိုသူမက “ခရီးသွားတာက ကိုယ့်အတွက်ကိုယ် အကောင်းဆုံး invest လုပ်တာလို့ မြင်ပါတယ်။ လူရဲ့စိတ်တွေ creativity တွေက တစ်နေရာထဲမှာနေတာကြာလာရင် ပိတ်မိနေတတ်ပါတယ်။ ခရီးသွားရင် နေရာအသစ်မှာ သူတို့ရဲ့ နေထိုင်မှု၊ တီထွင်ဆန်းသစ်မှုတွေကို တွေ့ရတတ်တယ်။ ပြီးတော့ ခရီးသွားတာများရင် ကိုယ့်ရဲ့ လောကကြီးအပေါ်အမြင်ကို ပြောင်းလဲလာတယ်။ အရမ်းဆင်းရဲတဲ့ နိုင်ငံတွေသွားရင် သင်ယူစရာတွေ တွေ့သလို တိုးတက်တဲ့ နိုင်ငံတွေသွားရင် သူတို့ဘယ်လိုလုပ်ခဲ့လဲဆိုတာ အတုခိုးလိုု့ရတယ်။ ကျွန်မရှာခဲ့တဲ့ ငွေတွေကို ခရီးသွားတာမှာ အများဆုံးသုံးပါတယ်။ Brand အိတ်တွေဝယ်ကိုင်ပြီး တစ်နေရာထဲမှာ stuck ဖြစ်နေတာမျိုးထက် လေယာဉ်ဖိုးသုံးပြီး မတူညီတဲ့နေရာတွေက sunset တွေကိုကြည့်ရတာ ပိုသဘောကျပါတယ်”တဲ့။

အမျိုးသမီးတစ်ယောက်အတွက် ပတ်ဝန်းကျင်က ချမှတ်ထားတဲ့ စည်း၊ဘောင်တွေကို ဂရုမစိုက်ပါဘဲ အိပ်မက်တစ်ခုကို ရဲဝင့်စွာအကောင်အထည်ဖော်ရတာ အန္တရာယ်များတယ်လို့ တွေးမိကောင်း တွေးမိနိုင်ပါတယ်။ ဒါပေမယ့် စန္ဒီစိန်သိန်းရဲ့ ရပ်တည်မှုတစ်ခုကို သိလိုက်ရတဲ့အခါ စွန့်စားမှုဘယ်လောက် များများ ကိုယ့်အိပ်မက်ကို အရှုံးမပေးဘဲ ဆက်မက်နေခြင်းက ဘဝရဲ့အဓိပ္ပါယ်တစ်ခုပါလားတစ်ခုဆိုတာ သိလိုက်ရပါတယ်။ သူ့လို စွန့်စားမှုတွေကြောင့် နာကျင်မှုဒဏ်ရာတွေရမှာမကြောက်ဖို့ သူပြောသွားတဲ့ အရာကတော့ “လူရယ်လို့ဖြစ်လာရင် ဘယ်အခန်းကဏ္ဍမှာပဲ ရှင်သန်သန် ကြုံတွေ့ရတဲ့ ပြဿနာတွေ၊ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေ၊ ပေးဆပ်ရတာတွေ ရှိပါတယ်။ အဲဒီတော့ ကိုယ် Passionate ဖြစ်တာလုပ်ရင်းနဲ့ risk ယူရတာ ပိုအဓိပ္ပါယ်ရှိစေပါတယ်။ Pain ဆိုတာရှိမယ့်အတူတူ ဘယ် pain က ကိုယ့်ကိုအထာကျစေလဲဆိုတာ ရွေးစေချင်ပါတယ်။ ပြီးတော့ မြန်မာမိန်းကလေးတွေ သတ္တိရှိကြပါ” ဆိုတဲ့ စကားလေးပါပဲ။

ကျွန်မတို့အမျိုးသမီးတွေအတွက် ကိုယ်ဖြစ်ချင်တာဟာ လက်တစ်ကမ်းမှာဆိုတာ မမေ့ကြပါနဲ့။ ရောက်နေတဲ့ နေရာမှာပဲ ရပ်တန့်တွေဝေရင်း ရှေ့ဆက်လျှောက်ရမယ့်လမ်းတွေကို ငေးမောကြည့်နေမလား၊ ကိုယ်တိုင်ရဲဝံ့စွာ လျှောက်လှမ်းမလားဆိုတာပဲ ရွေးချယ်စရာရှိပါတယ်။ သတ္တိရှိရှိ ရွေးချယ်လျှောက်လှမ်းနိုင်ကြပါစေလို့သာ …။

Share

Loading Next Article...
က္က