တချို့အလုပ်တွေက ကလေးအမေဆိုရင် မခန့်ကြတာများတယ်။

စိုးပြည့်ပြည့်စံဟာ Single Mother တွေကို ကူညီပေးနိုင်ဖို့ ယိုးဒယားစားသောက်ဆိုင်လေး ဖွင့်လိုက်ပြီလို့ ဆိုပါတယ်။ Single Mother တွေဟာ အပြင်အလုပ်ရှာဖို့ ခက်ခဲကြသူတွေ ဖြစ်တာကြောင့် ဂရုဏာထားမိတယ်လို့ သူက ပြောပါတယ်။

အဆိုတော် စိုးပြည့်ပြည့်စံကတော့ Single Mother တွေကို အလုပ်ပေးနိုင်ဖို့ ကိုယ်ပိုင် စီးပွားရေးလေး ထူထောင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်တဲ့။ ပထမဆုံးအနေနဲ့ ရှယ်ပဲ ရှုးရှဲချဉ်ငံစပ် ဆိုင်လေးကို ဇန်နဝါရီလ ၉ ရက်နေ့က စတင်ဖွင့်လှစ်လိုက်တဲ့အကြောင်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။



“ အခု ပထမဆုံးဖွင့်တဲ့ ဆိုင်မှာတော့ ကလေးမေမေတွေကို မခန့်ရသေးဘူး။ စိုးပြည့်ရဲ့ဆိုင်မှာ ကိုယ့်ရဲ့ လက်ရာကို ကြိုက်လို့ရော၊ လအနည်းငယ်မှာ ဒီ့ထက်မက အောင်မြင်သွားရင် သန်လျင်မှာ ထပ်ဖွင့်မယ်။ အဲဒီအတွက် အလုပ်ခန့်သွားမယ့် ကလေး မေမေတွေကိုလည်း ရွေးချယ်ပြီးသွားပြီ။ စိုးပြည့် ရဲ့ စည်းကမ်းတွေကို လိုက်နာနိုင်မှာ စိုးပြည့်ဆီမှာ အလုပ်လာလုပ်ဖို့တော့ ပြောထားပါတယ်” လို့ ဆိုပါတယ်။

Photo: Shal Pal

ရှယ်ပဲ ရှုးရှဲချဉ်ငံစပ် ဆိုင်မှာတော့ Single Mother တွေကို အဓိက ထားပြီး အလုပ်ခန့်သွားမယ်လို့ စိုးပြည့်ပြည့်စံက ပြောပါတယ်။ ဒီလို လုပ်ရတဲ့ ရည်ရွယ်ချက်ကလည်း ကလေးအမေတွေအတွက် တစ်ဖက်တစ်လမ်းက ကူညီပေးခွင့်ရတယ်လို့ ဆိုပါတယ်။

“ ကိုယ့်ထက် အဆင်မပြေတဲ့ ကလေးအမေတွေ အလုပ်လျှောက်တဲ့အခါမှာ ကလေးအမေတွေဆိုတော့ အချိန်ပိုင်းအလုပ် လျှောက်တာတောင်မှ အလုပ်မခန့်ကြဘူး။ သူတို့ရဲ့ ခံစားချက်တွေကိုလည်း စိုးပြည့်ကို ပြောပြကြတယ်။ စိုးပြည့်အရမ်းသနားတော့ ကိုယ်ဘာကူညီပေးနိုင်မလဲ စဉ်းစားတယ်။ စားသောက်ဆိုင်လေး တစ်ဆိုင်လောက်ဖွင့်ပြီဆိုရင် ဝန်ထမ်းတွေ အများကြီးလိုပြီလေ။ အောင်မြင်ပြီဆိုရင် ကလေးအမေတွေကို ဝန်ထမ်းတွေအဖြစ် ခန့်လို့ရပါစေ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ယိုးဒယားအစားအသောက်တွေကို လေ့လာပြီးတော့ အခုလိုဆိုင်လေးဖွင့်နိုင်ခဲ့တာပါ” ဆိုပြီးတော့ ဇန်နဝါရီလ ၉ ရက်နေ့ ညနေပိုင်းက ရှယ်ပဲ ချဉ်ငံစပ် ဆိုင်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

ရှယ်ပဲ ရှုးရှဲ ချဉ်ငံစပ် ဆိုင်ကိုတော့ သာကေတမြို့နယ်၊ ၇ ဈေးလမ်းမပေါ်၊ ၇ (အနောက်)ရပ်ကွက်မှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ဒီဆိုင်မှာတော့ ယိုးဒယားအစားအစာနဲ့ ပတ်သက်တဲ့ အရာလေးတွေ စုံစုံလင်လင်ရောင်းချနိုင်အောင် ကြိုးစားနေတယ်လို့ သိရပါတယ်။ ပင်လယ်စာ အများဆုံးရှိတာကြောင့် ပရိသတ်တွေ ခံတွင်းတွေ့မယ့် ဆိုင်ကောင်းလေး တစ်ဆိုင်ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ အရမ်းကို ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။

Photo: Shal Pal

စိုးပြည့်ပြည့်စံအနေနဲ့ အနုပညာအလုပ်နဲ့ပတ်သက်ပြီး မော်ဒယ်လ် တစ်ယောက် အဖြစ်ရော၊ အဆိုတော် တစ်ယောက်အဖြစ်နဲ့ပါ ပရိသတ် အားပေးမှုရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ စိုးပြည့်ပြည့်စံ ကတော့ တစ်ကိုယ်တော်အခွေ ၂ ခွေထွက်ရှိ ထားတာဖြစ်ပြီး နောက်ဆုံးအနေနဲ့ Single Lady ဆိုတဲ့ တစ်ကိုယ်တော်အခွေကို ဒီဇင်ဘာလ ၂၉ ရက်နေ့က ထွက်ရှိထားတယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က