ကမ္ဘာ့အကြီးဆုံးဈေးရောင်းပွဲတော်နေ့မှာ တရုတ် e-Commerce လုပ်ငန်းစုကြီးတွေ ဖြစ်တဲ့ Alibaba နဲ့ JD.com ပလက်ဖောင်းတွေမှာ ရောင်းအားစံချိန်သစ်တင်ခဲ့တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၁၁ ရက်နေ့မှာ ကျရောက်တဲ့ တရုတ်နိုင်ငံရဲ့ Singles Day နေ့မှာ Alibaba နဲ့ JD.com တို့ ပလက်ဖောင်းနှစ်ခုပေါင်း ဒေါ်လာ ၁၃၉ ဘီလျံကျော်ဖိုးအထိ ရောင်းချနိုင်ခဲ့တာ ဖြစ်တယ်လို့ CNBC သတင်းက ဖော်ပြပါတယ်။ အောက်တိုဘာ ၂၁ ရက်နေ့ကနေ နိုဝင်ဘာ ၁၁ ရက်နေ့အထိ Singles Day ဈေးရောင်းပွဲတော်ကာလအတွင်း Alibaba ပေါ် အရောင်းအဝယ်လုပ်မှုဟာ စုစုပေါင်း ယွမ် ၅၄၀.၃ ဘီလျံ (ဒေါ်လာ ၈၄.၅၄ ဘီလျံ) အထိ ရှိခဲ့တာြဖစ်လို့ ပြီးခဲ့တဲ့နှစ် ယွမ် ၄၉၈.၂ ဘီလျံ ရောင်းအားထက် ၈% ကျော် တက်လာခဲ့တာလည်း ဖြစ်ပါတယ်။
Photo: reuters
JD ဝက်ဘ်ဆိုက်ပေါ်မှာလည်း အရောင်းအဝယ်ငွေကြေးစီးဆင်းမှုဟာ Singles Day ကာလအတွင်း ယွမ် ၃၄၉.၁ ဘီလျံ (ဒေါ်လာ ၅၄.၆ ဘီလျံ) အထိ ရှိခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် Singles Day မှာ JD ရဲ့ အရောင်းအဝယ်စံချိန်ဟာ ယွမ် ၂၇၁.၅ ဘီလျံ ရှိခဲ့တာ ဖြစ်လို့ ၂၈% တိုးလာတာလို့ ဆိုနိုင်ပါတယ်။ Alibaba အနေနဲ့ ၂၀၂၀ မှာ ရောင်းအားတက်နှုန်း ၂၆% အထိ ရှိခဲ့တာ ဖြစ်လို့ ဒီနှစ် ၈% ကျော် အတက်ပြတာဟာ Singles Day ကာလအတွင်း ရောင်းအားတိုးတက်မှုအနှေးကွေးဆုံးကာလလို့ ပြောနိုင်ပါတယ်။
၂၀၀၉ ခုနှစ်က စပြီး Alibaba ဟာ နိုဝင်ဘာ ၁၁ ရက်နေ့ရောက်တိုင်း Singles Day ဈေးရောင်းပွဲတော် စတင်ခဲ့တာ ဖြစ်ပြီး နှစ်တိုင်းမှာ ရောင်းအားတဟုန်းထိုး တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။ Double 11 Day လို့လည်း ခေါ်တဲ့ Singles Day ဈေးရောင်းပွဲတော်ဟာ ကမ္ဘာ့အကြီးဆုံး အွန်လိုင်းဈေးပွဲတော်နေ့ဖြစ်ပြီး နိုဝင်ဘာ ၁၁ ရက်နေ့မှာ ပွဲတော်နေ့ကုန်ဆုံးတာ ဖြစ်ပါတယ်။
Singles Day နေ့ဟာ တစ်နှစ်တာရဲ့ အကြီးဆုံးအွန်လိုင်းမားကတ်တင်းကျင်းပရာ ပွဲတော်လည်း ဖြစ်ပါတယ်။ အရင့်အရင်နှစ်တွေကတည်းက Singles Day ပွဲတော်မတိုင်ခင် သီတင်းပတ်ပေါင်းများစွာ ကြိုပြီး Brands တွေနဲ့ ကုန်သည်တွေဟာ မက်လောက်စရာလျှော့ဈေးနဲ့ ဖောက်သည်တွေကို ဆွဲဆောင်ဖို့ အသည်းအသန်ကြော်ငြာခဲ့ကြပါတယ်။ Alibaba လို့ ပလက်ဖောင်း ရောင်းအားနှေးကွေးလာတာဟာ စီးပွားရေးနှေးကွေးမှု စတင်လာပြီလို့လည်း ခန့်မှန်းနေကြပါတယ်။
Photo: NewsExel
တရုတ်အာဏာပိုင်တွေဟာ Alibaba ၊ Tencent နဲ့ Meituan အစားအသောက်ပို့ဆောင်ရေးလုပ်ငန်းတို့လို နည်းပညာကုမ္ပဏီကြီးတွေကို ဈေးကွက်ပြိုင်ဆိုင်ရေး မူဝါဒချိုးဖောက်မှုနဲ့ ဖြိုခွင်းမှုတွေ လုပ်နေပါတယ်။ ၂၀၂၁ နှစ်ဆန်းပိုင်းမှာပဲ Alibaba ဟာ ဈေးကွက်ပြိုင်ဆိုင်ရေးဥပဒေချိုးဖောက်တာကြောင့် ဒေါ်လာ ၂.၈ ဘီလျံအထိ စံချိန်တင် ဒဏ်ရိုက်ခံခဲ့ရပါတယ်။
Singles' Day နေ့မတိုင်ခင်မှာ ဈေးပွဲတော်နေ့အတွင်း မမျှတတဲ့ ပြိုင်ဆိုင်မှုတွေ မလုပ်ဖို့ Alibaba ၊ Meituan ၊ Vipshop အပါအဝင် e-commerce ပလက်ဖောင်း အော်ပရေတာ ၁၆ ခုကို သတိပေးဖို့ တရုတ်အာဏာပိုင်တွေက ဆင့်ခေါ်ခဲ့တယ်လို့ ဆိုပါတယ်။