ရော်နယ်ဒိုရဲ့သားနဲ့ တွေ့ဆုံခဲ့တာပါ။

ယူနိုက်တက်တောင်ပံကြယ်ပွင့် အန်တိုနီဟာ အသင်းအကယ်ဒမီ ကစားသမားတွေနဲ့ သွားရောက်တွေ့ဆုံခဲ့ပြီး ဒီလိုမျိုး တွေ့ဆုံခဲ့တဲ့နေရာမှာ ရော်နယ်ဒိုရဲ့သားဖြစ်သူ ခရစ္စတီယာနိုဂျူနီယာနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အန်တိုနီဟာ ယူနိုက်တက်ကို ပြီးခဲ့တဲ့ သြဂုတ်နှောင်းပိုင်းမှ ရောက်ရှိလာတာဖြစ်ပြီး အသင်းမှာ လျင်လျင်မြန်မြန်နဲ့ အထိုင်ကျခဲ့ပါတယ်။



အန်တိုနီဟာ ယူနိုက်တက်နဲ့ပွဲဦးထွက်မှာတင် အာဆင်နယ်ဘက်ကို ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အဝတ်လဲခန်းနဲ့ လေ့ကျင့်ရေးကွင်းမှာလည်း အသင်းဖော်တွေရဲ့ ချစ်ခင်မှုကို အချိန်တိုအတွင်း ရရှိခဲ့ပါတယ်။ အန်တိုနီဟာ ပျော်ပျော်နေတတ်သူတယောက်ဖြစ်ပြီး အမြဲတမ်းဟာသတွေလုပ်နေတတ်တာကြောင့် အသင်းဖော်တွေက သဘောကျနှစ်သက်နေတယ်လို့ သတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။

ဒါ့အပြင် ယူနိုက်တက်တရားဝင်ဝက်ဘ်ဆိုက်နဲ့ တွေ့ဆုံခန်းမှာလည်း အန်တိုနီက ရော်နယ်ဒိုနဲ့ ပတ်သက်လို့ “ရော်နယ်ဒိုအကြောင်း စကားလုံးတွေနဲ့ပဲ ရည်ညွှန်းနေလို့မရပါဘူး။ သူက ကမ္ဘာ့အကောင်းဆုံး ကစားသမားပါ။ ရက်အနည်းငယ်အတွင်းမှာပဲ ကျနော် သူ့ဆီက အများကြီး သင်ယူခွင့်ရခဲ့ပါတယ်။ သူ့မှာ ထူးခြားကောင်းမွန်တဲ့ စိတ်ဓာတ်ရှိပြီး သူနဲ့စကားပြောတိုင်း ကျနော် အများကြီး လေ့လာစရာရပါတယ်” လို့ ပြောကြားခဲ့ဖူးပါတယ်။

အခုချိန်မှာလည်း အန်တိုနီက ရော်နယ်ဒိုရဲ့သားဖြစ်သူနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ဖူးပြီး အခြားသော အကယ်ဒမီကစားသမားတွေနဲ့အတူ ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောခဲ့ကြပါတယ်။ ရော်နယ်ဒိုရဲ့သား ခရစ္စတီယာနိုဂျူနီယာဟာ ရော်နယ်ဒို ယူနိုက်တက်ကို ရောက်လာတည်းက ဂျူဗင်တပ်စ်အကယ်ဒမီကနေ တပါတည်း လိုက်ပါလာခဲ့ပြီး ယူနိုက်တက်အကယ်ဒမီမှာ ကစားနေတာပါ။

အဲ့ဒါကြောင့် အခု အန်တိုနီရဲ့ ဓာတ်ပုံကလည်း အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေဆဲဖြစ်တဲ့ ရော်နယ်ဒိုကို နည်းနည်းလေးပဲဖြစ်ဖြစ်၊ စိတ်အပြောင်းအလဲလေးဖြစ်သွားစေနိုင်ဖို့ မျှော်လင့်ရမယ်လို့ ပရိသတ်အချို့ကမှတ်ချက်ပြုနေကြပါတယ်။ အန်တိုနီဟာ ပြီးခဲ့တဲ့ (၂၀၂၀) မှာ ဆော်ပေါ်လိုကနေ အေဂျက်စ်ကို ပြောင်းရွှေ့လာခဲ့ပြီးနောက် နောက် (၂) နှစ်ကြာမှာပဲ တန်ဟက်ခ်နဲ့အတူ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။  

Share

Loading Next Article...
က္က