တိုနီကရူးစ်က ဖန်တီးပေးခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ဘယ်လင်ဟမ်ဟာ မနေ့က ကစားခဲ့တဲ့ ဂျူဗင်တပ်စ်နဲ့ ခြေစမ်းပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းဖော် တိုနီကရူးစ်ရဲ့ ဖန်တီးပေးပို့မှုအပေါ် လက်ဖျားခါလောက်ရတဲ့အထိကို အံ့အားသင့်သွားခဲ့ပါတယ်။ ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်ရရှိခဲ့တဲ့ ချေပဂိုးတစ်ဂိုးကို တိုနီကရူးစ်က ဖန်တီးပေးခဲ့တာပါ။



ဒီပွဲမှာ ဂျူဗင်တပ်စ်က ရီးရဲလ်မက်ဒရစ်ကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် ပထမပိုင်းပြီးခါနီးမှာ ဗီနီရှပ်စ်ရဲ့ဂိုးအတွက် တိုနီကရူးစ်ရဲ့ ဖန်တီးပေးမှုက ပရိသတ်တွေအတွက် ပြောစရာပိုဖြစ်နေခဲ့ပါတယ်။ တိုနီကရူးစ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ လာမယ့်နွေအထိ ဆက်ရှိနေမယ့် ကစားသမားပါ။


တိုနီကရူးစ်ဟာ အသင်းရဲ့ကွင်းဘက်ခြမ်းကနေ ဗီနီရှပ်စ်ရဲ့ ပြေးလမ်းကြောင်းထဲကို ဘောလုံး ကွက်တိခင်းပေးခဲ့ပြီး ဒီဖန်တီးမှုကို မြင်တွေ့ရချိန်မှာကတည်းက ဘယ်လင်ဟမ်က သူ့လက်တွေကို ခါထုတ်ရင်း တော်တော်လေး အံ့အားသင့်နေခဲ့တာပါ။ ဒါ့အပြင် ဗီနီရှပ်စ်က အဆုံးသတ်ဂိုးသွင်းယူသွားချိန်မှာလည်း ဘယ်လင်ဟမ်က စီနီယာကြီးရဲ့ ဖန်တီးပေးမှုကိုသာ စိတ်ရောက်နေခဲ့ပါတယ်။

အသက် (၂၀) အရွယ် ဘယ်လင်ဟမ်ဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့မှ ဒေါ့မွန်ကနေ ရီးရဲလ်မက်ဒရစ်ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ သူ့အနေနဲ့ ဝါရင့်ကစားသမားကြီးတွေဖြစ်တဲ့ မိုဒရစ်၊ တိုနီကရူးစ်တို့နဲ့ တွဲကစားခွင့်ရရှိနေပြီး ဒီကစားသမားတွေရဲ့ ပွဲကိုထိန်းကျောင်းပုံ၊ ဘောလုံးအမြင် အရာရာတိုင်းကို သင်ယူခွင့်ရရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ်ကလည်း ချူအာမန်နီ၊ ကာမာဗင်ဂါ၊ ဘယ်လင်ဟမ်တို့နဲ့ အသင်းရဲ့ ကွင်းလယ်ပိုင်းကို သွေးသစ်လောင်းထားသည့်တိုင် မိုဒရစ်၊ တိုနီကရူးစ်တို့ကို အသင်းမှာ ဆက်ထိန်းထားဆဲဖြစ်ပြီး လူငယ်တွေကို တွဲခေါ်စေနေတာပါ။ တိုနီကရူးစ်နဲ့ မိုဒရစ်တို့နှစ်ယောက်လုံးဟာ ဒီနွေရာသီမှာ ဆော်ဒီဘက်က ကမ်းလှမ်းမှုတွေရရှိခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်မှာသာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

Share

Loading Next Article...
က္က