ခြင်္သေ့အားလုံးကို ၎င်းတို့ရဲ့လှောင်အိမ်တွေထဲမှာ သီးခြားခွဲထားရန် သက်ဆိုင်ရာက ညွှန်ကြားခဲ့ပါတယ်

စင်ကာပူနိုင်ငံရှိ ညပိုင်လည်ပတ်နိုင်တဲ့ ဆာဖာရီဥယျာဥ် (Night Safari) မှ အာရှခြင်္သေ့ ၄ ကောင်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ Mandai Wildlife Group ဝန်ထမ်းတွေနဲ့ ထိတွေ့ခဲ့ပြီးနောက် ၎င်းတို့ထံမှာ COVID-19 စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

COVID-19 ကူးစက်ခံရတဲ့ ခြင်္သေ့တွေဟာ စနေနေ့ (နိုဝင်ဘာ ၆ ရက်) မှာ ချောင်းဆိုးခြင်း၊ နှာချေခြင်းနဲ့ လေးလံထိုင်းမှိုင်းနေခြင်း အပါအဝင် မပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ပြခဲ့ကြတယ်လို့ Animal and Veterinary Service (AVS) က အင်္ဂါနေ့ (နိုဝင်ဘာ ၉ ရက်) သတင်းထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ စင်ကာပူတိရိစ္ဆာန်ဥယျဥ်ရှိ အာဖရိကခြင်္သေ့တစ်ကောင်းလည်း တနင်္လာနေ့ (နိုဝင်ဘာ ၈ ရက်) မှာ ရောဂါလက္ခဏာပြခဲ့ပြီး ၎င်းကို COVID-19 ရှိ မရှိ စစ်ဆေးထားကြောင်း သိရပါတယ်။



"COVID-19 ရှိနေတဲ့ Mandai Wildlife Group ဝန်ထမ်းနဲ့ ထိတွေ့မိရာကနေ ဒီကူးစက်မှုဖြစ်ခဲ့တာပါ" လို့ AVS က ဆိုပါတယ်။ ဆာဖရီဥယျာဥ်ရှိ အာရှခြင်္သေ့ ၉ ကောင်နဲ့ အာဖရိကခြင်္သေ့ ၅ ကောင်ကို ၎င်းတို့ရဲ့လှောင်အိမ်တွေထဲမှာ သီးခြားခွဲထားရန် National Parks Board လက်အောက်ရှိ AVS က Mandai Wildlife Group ကို ညွှန်ကြားခဲ့ပါတယ်။ ထိုခြင်္သေ့တွေအနက် ၅ ကောင်က COVID-19 လက္ခဏာများပြနေခဲ့ပြီး ဖြစ်ပါတယ်။

(Night Safari ရှိ အာရှခြင်္သေ့များ) (Photo: Night Safari)

အာရှခြင်္သေ့ ၄ ကောင်ကို AVS က PCR (polymerase chain reaction) စစ်ဆေးမှုလုပ်ခဲ့ကြောင်း သိရပါတယ်။ "AVS က ခြင်္သေ့တွေရဲ့ ကျန်းမာရေးအခြေအနေကို အနီးကပ်စောင့်ကြည့်ဖို့ Mandai Wildlife Group နဲ့ အတူလုပ်ဆောင်နေပြီး ကျန်ရှိတဲ့ ခြင်္သေ့တွေထံမှ ဓာတ်ခွဲနမူနာတွေကို စစ်ဆေးသွားပါမယ်" လို့ AVS က ပြောပါတယ်။

Night Safari Carnivore အပိုင်းမှ တိရိစ္ဆာန်စောင့်ရှောက်ရေး ဝန်ထမ်း ၃ ဦးထံမှာ COVID-19 စစ်ဆေးတွေ့ရှိခဲ့ကြောင်း Mandai Wildlife Group က CNA သတင်းဌာနကို အတည်ပြုခဲ့ပါတယ်။ ထိုဝန်ထမ်းတွေအနက် ၂ ဦးဟာ တာဝန်ချိန်ပြင်ပမှာ ရှိနေစဥ်အတွင်း COVID-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ Mandai Wildlife Group က ဆိုပါတယ်။

"ခြင်္သေ့အားလုံးက လန်းလန်းဆန်းဆန်းရှိပြီး အစာ ကောင်းကောင်းစားကြပါတယ်၊ ယေဘုယျအားဖြင့် တိရိစ္ဆာန်တွေဟာ ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် အပြင်းအထန် နေမကောင်းတာမျိုး မဖြစ်တတ်ကြတဲ့ အထောက်အထားရှိပါတယ်" လို့ Mandai Wildlife Group မှ တိရိစ္ဆာန်ဆေးကုဆရာဝန် ဒေါက်တာ Sonja Luz က ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က