ကြည့်မြင့်တိုင် ဗိုလ်သူရလမ်းပေါ်က ဆိတ်သားတုတ်ထိုးဆိုင်က အစားကောင်းကောင်း ကြိုက်တတ်တဲ့သူတွေကြားထဲမှာ ရေပန်းစားနေတဲ့ဆိုင်လေးပါ။ ကြည့်မြင့်တိုင် အနီးတစ်ဝိုက်နေထိုင်တဲ့သူတွေ၊ မုန့်စားချင်လို့ ညဈေးကို အလည်အပတ်လာတဲ့သူတွေကတော့ ဆိတ်သားတုတ်ထိုးဆိုင်လေးကိုတွေ့တဲ့အခါ မစားရမနေနိုင် ဝင်စားကြပါတယ်။
လူကြိုက်များတဲ့ဆိုင် ဘာကြောင့်ဖြစ်
စေတနာနဲ့ သန့်ရှင်းမှုကို အဓိကထားတဲ့အတွက် ဒီဆိုင်လေးကို လူကြိုက်များတာဖြစ်ပါတယ်။ ဆိတ်သားက လုံးဝညှီတာမျိုးမရှိဘဲ ဟင်းရည်ပူပူဆမ်းထားတဲ့ တုတ်ထိုးကို အချဥ်ရည်စပ်စပ်လေးနဲ့ တွဲဖက်စားသုံးရတာက အရသာရှိလှပါတယ်။
“ဆိတ်သားက လုံးဝမညှီဘူး။ နောက်ပြီးတော့ အချဥ် ရည်ကောင်းတယ်။ အဓိကက အဲဒီနှစ်ခုပါပဲ။ ဆိတ်သားကို သေချာဆေးတယ်။ လေးငါး ခြောက်ခါလောက် အနည်းဆုံးဆေးတယ်။ ဆေးပြီး အညှီတွေစစ်တယ်။ အညှီထပ်ခါစစ်တယ်။ပြီးတော့ ဂျင်း၊စပါးလင်နဲ့ ကြက်သွန်ဖြူတို့ ကြိတ်ထားတာတွေနဲ့ သေချာနယ်ဖတ်ပြီးတော့မှ ပြုတ်တယ်။ အဲဒါကြောင့် ညှီတာလုံးဝမ ရှိဘူး။ အချဥ်ကလည်း အမေကိုယ်တိုင် ဖျော်တာ။ အချဥ် အစပ်ဆိုလည်း ငရုတ်သီးစိမ်းကို သေချာလှော်တယ်။ စားသုံးသူတွေ ဗိုက်မနာအောင် သေချာလုပ်တယ်။ စိတ်ကြိုက်အရသာ ရတော့မှ ရောင်းတာပါ။ အမေကိုယ်တိုင်ကလည်း သန့်သန့် ရှင်း ရှင်းကြိုက်တဲ့သူဆိုတော့ သန့် ရှင်းမှုကို ဦးစားပေး ရောင်းပါတယ်။ အဲဒါကြောင့်မို့လည်း လူကြိုက်များတာပါ” လို့ ဆိုင်ရှင်အန်တီ ဒေါ်အေးအေးနွယ် ရဲ့ သမီးဖြစ်သူ မဝတ်ရည်က ဆိုပါတယ်။
ဗိုလ်သူရလမ်းပေါ်မှာပဲ စဖွင့်ခဲ့တဲ့ ဆိတ်သားတုတ်ထိုးဆိုင်လေး
ဒီဆိတ်သားတုတ်ထိုးဆိုင်လေးကိုတော့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ဝန်းကျင်လောက်ကတည်းက ကြည့်မြင့်တိုင် ဗိုလ်သူ ရလမ်းမပေါ်မှာပဲ လမ်းဘေးဆိုင်လေးအဖြစ် ဖွင့်လှစ်ခဲ့တာပါ။
“ ၂၀၁၀ မတိုင်ခင်တုန်းက အမေနဲ့ အဒေါ် တူတူလုပ်တာပေါ့။ ၂၀၁၀ လောက်ကစပြီးတော့ အဒေါ်က ဆက်မလုပ်နိုင်တော့ အမေပဲ ဦးစီးပြီး စဖွင့်ဖြစ်တာပါ။ “လို့ ဆိတ်သားတုတ်ထိုးသည် သမီးဖြစ်သူက ပြောပါတယ်။ လမ်းဘေးဆိုင်လေးဖြစ်တဲ့အတွက် ဆိုင်အတည်တကျမရှိဘဲ ဗိုလ်သူရလမ်းတစ်ဝိုက်ကိုပဲ ပြောင်း ရွှေ့ ရောင်းချနေခဲ့ပြီး အခုတော့ ဗိုလ်သူရလမ်းနဲ့ ပိတောက်ပင်လမ်းထိပ်မှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်” လို့ ဆိတ်သားတုတ်ထိုးဆိုင် ရှင် ဒေါ်အေးအေးနွယ် ရဲ့ သမီးဖြစ်သူ မဝတ်ရည်က ဆိုပါတယ်။
ြ
ညစျေးဆိတ်သားတုတ်ထိုးဆိုပြီး နာမည်တွင်လာခဲ့ပုံ
အရင်တုန်းကတော့ ညဈေးဆိတ်သားတုတ်ထိုးဆိုပြီး နာမည်တော့ မပေးဖြစ်ခဲ့သေးပါဘူး။ 2021ခုနှစ် သြဂုတ်လပိုင်းလောက်မှာ ကိုဗစ်တွေ ဖြစ်လာတော့ လူတွေတော်တော်များများ အပြင်မထွက်နိုင်ကြချိန်မှာ ဆိတ်သားတုတ်ထိုးကို အွန်လိုင်းကနေ စ ရောင်းဖို့ စီစဥ်ခဲ့တာဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ခ်မှာ ပေ့ချ်လေးစဖွင့်ဖို့ စဥ်းစားကြ ရာကနေ ညစျေး ဆိတ်သားတုတ်ထိုးဆိုပြီး နာမည်ပေးဖြစ်ခဲ့တာပါ။
“အဲဒီကာလမှာ အပြင်မထွက်နိုင်ကြတော့ ပေ့ချ်လေးစဖွင့်တော့ လူတွေက ဝမ်းသာအားရနဲ့ လာမှာကြတယ်။ အသိမိတ်ဆွေတွေကလည်း Share ပေးကြတယ်။ ဒီမှာဆိတ်သားတုတ်ထိုး ရတယ်ဆိုပြီးတော့ တစ်စနဲ့ တစ်စနဲ့ ပိုပြီး လူသိလာကြတယ်။ အဲဒီတုန်းက ကိုဗစ်လည်းဖြစ်တော့ လူတွေက အားပြည့်အောင် ဆိတ်သားပြုတ် ရည်လေးကို သောက်ချင်ကြတယ်။ အဲဒီမှာ မှာစားကြရင်းနဲ့ လူသိပိုများလာကြတယ်” လို့ ဆိုင်ရှင် အန်တီ ရဲ့ သမီးဖြစ်သူ မဝတ်ရည်က ဆိုပါတယ်။
စင်ကာပူအထိ ပေါက်သွားတဲ့ ညဈေးဆိတ်သားတုတ်ထိုး
ယခင်က ဆိုင်ကိုလာစားနေကြ ဝယ်သူတစ်ယောက်ကနေ အွန်လိုင်းမှာရောင်းနေတာကို တွေ့သွားပြီး စင်ကာပူအထိ အော်ဒါပို့ပေးဖို့ ပြောရာကနေ အခုလိုပေါက်သွားခဲ့တာလို့ ဆိုပါတယ်။
“ အစ်မတို့ကလည်းတစ်ခါမှပြည်ပထိတော့ မပို့ဖူးဘူးနော်။ လမ်းခရီးမှာ တစ်ခုခုဖြစ်သွားမှာကို ဆိုးတာပေါ့နော်။ သူကလည်း ကောင်းကောင်းမကောင်းကောင်းပို့လိုက်ဆိုပြီးတော့ အစ်မတို့ သူချိတ်ပေးတဲ့ အေးဂျင့်နဲ့ ပို့ပေးတာပေါ့နော်။ ဘူးလေးတွေနဲ့ သေချာပါကင်ထုတ်ပြီး ပို့ပေးလိုက်တော့ ဟိုမှာလည်း အဆင်ပြေတယ်။ ဒီက အရသာ အတိုင်းပဲ လုံးဝမပြောင်းဘူးပေါ့။ အဲဒီကတစ်ဆင့် စားဖူးတဲ့သူတွေ၊ ဖောက်သည်တွေ ထပ်ရလာပြီး အခုတော့ ပုံမှန်ပို့ဖြစ်ပါတယ်။ “လို့ ပြောပါတယ်။
တစ်နေ့ကို ၅ သိန်းဖိုးအထိ ရောင်းအားရှိတဲ့ လမ်းဘေးဆိုင်လေး
ဆိတ်သားတုတ်ထိုး တစ်ချောင်းကို ၁၀၀နှုန်း၊ အသုပ်နဲ့ အပြုတ်ကို တစ်ပွဲကို ၂၀၀၀ နှုန်းနဲ့ ရောင်းချပြီးတစ်နေ့ကို ၅ သိန်းဖိုးလောက်အထိ ရောင်း ရတယ်လို့ဆိုပါတယ်။ ဆိုင်ကိုတော့ ညဈေးမှာပဲ ဆက်ရောင်းသွားဖို့ အစီအစဥ် ရှိပေမယ့် ကိုယ်ပိုင်ဆိုင်မဟုတ်ဘဲ သူများဆိုင်နားလေးမှာ လမ်းဘေးဆိုင်လေးအဖြစ်နဲ့ ရောင်းချနေရတာကြောင့် ကိုယ်ပိုင်ဆိုင် သေးသေးလေးတစ်ခုဖြစ်အောင် ရည်မှန်းကြိုးစားနေကြတာဖြစ်ပါတယ်။