လာမယ့် အောက်တိုဘာ ၁၉ ရက်မှစပြီး စင်ကာပူနိုင်ငံသို့ နောက်ထပ် ၈ နိုင်ငံမှ COVID-19 ကာကွယ်ဆေးထိုးပြီးတဲ့ ခရီးသွားများ ဝင်ခွင့်ပြုသွားမယ်လို့ Civil Aviation Authority of Singapore (CAAS) က အောက်တိုဘာ ၉ ရက်နေ့က ကြေညာပါတယ်။
စင်ကာပူက ပြီးခဲ့တဲ့လအတွင်း ဘရူနိုင်းနဲ့ ဂျာမနီမှ ကာကွယ်ဆေးထိုးပြီးသူ ခရီးသွားတွေကို လာရောက်ခွင့်ပြုခဲ့ပါတယ်။ ယခုအခါ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ အီတလီ၊ နယ်သာလန်၊ စပိန်၊ ဗြိတိန်နဲ့ အမေရိကန်မှ ကာကွယ်ဆေးထိုးပြီးသူတွေကိုလည်း စင်ကာပူသို့ လာရောက်ခွင့်ပြုသွားတော့မယ်လို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။
ဒါ့အပြင် စင်ကာပူအာဏာပိုင်တွေက တောင်ကိုရီးယားမှ ကာကွယ်ဆေးထိုးပြီးသား ခရီးသွားတွေကိုလည်း နိုဝင်ဘာ ၁၅ ရက်နေ့မှစပြီး လာရောက်ခွင့်ပြုမယ်လို့ ယမန်နေ့ (အောက်တိုဘာ ၈ ရက်) မှာ ကြေညာခဲ့ပါတယ်။ ကာကွယ်ဆေးထိုးပြီးသား ခရီးသွားတွေဟာ စင်ကာပူကိုလာရောက်ရာမှာ ကွာရန်တင်းဝင်စရာမလိုအပ်ဘူးလို့ ဆိုပါတယ်။
CAAS ရဲ့ ထုတ်ပြန်မှုအရ ယခုနှစ် စက်တင်ဘာ ၈ ရက်နဲ့ နိုဝင်ဘာ ၁၂ ရက်အတွင်း ကာကွယ်ဆေးထိုးပြီးသူ ဘရူးနိုင်းမှ ၁၇၉ ဦးနဲ့ ဂျာမနီမှ ၄,၄၉၇ ဦးကို စင်ကာပူသို့လာရောက်ရန် ဗီဇာထုတ်ပေးထားခဲ့ကြောင်း သိရပါတယ်။ ၎င်းတို့အနက်မှ သောကြာနေ့ (အောက်တိုဘာ ၈ ရက်) အထိ စင်ကာပူသို့ ဝင်ရောက်လာခဲ့သူ ၁,၉၂၆ ဦးရှိခဲ့ကြောင်း CAAS ရဲ့ စာရင်းတွေက ဖော်ပြပါတယ်။
(Photo: Reuters)
စင်ကာပူသို့ ဝင်ရောက်လာခဲ့တဲ့ ထိုခရီးသွားတွေအနက် ချန်ဂီလေဆိပ်မှာ PCR (polymerase chain reaction) စစ်ဆေးမှုအရ ၂ ဦးမှာသာ COVID-19 တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ COVID-19 အလွန် ခရီးသွားလက်ခံမှု ကနဦး အစီအစဥ်အရ စင်ကာပူက နိုင်ငံ ၁၁ ခုမှ ခရီးသွား ၃,၀၀၀ အထိကို နေ့စဥ် လက်ခံသွားမယ်လို့ ပို့ဆောင်ရေးဝန်ကြီး Iswaran က ပြောပါတယ်။ "နောက်ထပ် ခရီးသွားလက်ခံမှုတွေ တိုးမြှင့်ဖို့ မဆုံးဖြတ်မီ ကူးစက်မှုစစ်ဆေးတွေ့ရှိရတဲ့နှုန်း၊ လာရောက်လိုတဲ့ ခရီးသွားအရေအတွက် အခြေအနေတွေကို စောင့်ကြည့်သွားမှာပါ" လို့ ဝန်ကြီးကဆိုပါတယ်။