မြန်မာအသင်းဟာ စင်ကာပူအသင်းနဲ့ ဆူဇူကီးဖလား အဖွင့်ပွဲမတိုင်ခင်မှာ ကိုဗစ်-၁၉ သံသယနဲ့ ဒဏ်ရာရ ကစားသမားတွေကြောင့် ပွဲကစားဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး မြန်မာနည်းပြချုပ် အန်တွမ်နီဟေးက ဖြေကြားထားတာကို ဖော်ပြပေးလိုက်ပါတယ်။

 မြန်မာကစားသမားတွေ ကိုဗစ် သံသယရှိနေတယ်လို့ သတင်းထွက်နေတဲ့အပေါ် 

Photo: MFF

ကျွန်တော့်အသင်းရဲ့ ကစားသမား ၂၇ ယောက်ထဲမှာ ၁၀ ယောက်က ကိုဗစ်-၁၉ သံသယ ရှိနေတဲ့အတွက် ပြန်စစ်ဖို့ လိုအပ်နေပါတယ်။ ကျန်တဲ့ကစားသမားထဲမှာ ၄ ယောက်ကလည်း ဒဏ်ရာ ရနေပါတယ်။ ဒီအတွက်ကြောင့် စင်ကာပူနဲ့ ပွဲစဉ် မတိုင်ခင်အတွက် မြန်မာကစားသမား ၁၄ ဦး အထိ ပွဲကစားခွင့်ရဖို့အတွက် ပြဿနာ ကြုံနေရတာပါ။ လက်ရှိ အသင်းမှာ ကစားသမား ၁၃ ယောက်ပဲ ကျန်တယ်။ ၁၃ ယောက်ထဲမှာ ဂိုးသမားက လေးယောက် ပါပါတယ်။

 ကစားသမား ၁၃ ယောက်ထဲနဲ့ စင်ကာပူနဲ့ ပွဲစဉ်ကို ကစားခွင့် ရနိုင်ပါ့မလား

Photo: AFF

စင်ကာပူနဲ့ပွဲမတိုင်ခင် ကျွန်တော်တို့ ကစားနိုင်ဖို့ ကစားသမား လုံလောက်မယ်လို့တော့ မျှော်လင့်ပါတယ်။ သေချာပေါက်တော့ မပြောနိုင်သေးပါဘူး။ လက်ရှိအနေအထားက အကောင်းဆုံး အခြေအနေတော့ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားနေတယ်။ နောက် ၂၄ နာရီအတွင်း ဘာတွေဖြစ်လာမလဲ ဆိုတာ သိရပါလိမ့်မယ်။ 

လိဂ်ပွဲမရှိဘဲ ကစားသမားတွေ ရွေးချယ်လာရတဲ့အပေါ်

အမှန်အတိုင်းပြောရရင် ကျွန်တော်တို့အတွက် အခက်အခဲတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒါက ကျွန်တော်တို့ကို အသစ်တစ်ခု စတင်စေဖို့ တွန်အားဖြစ်စေခဲ့ပါတယ်။ မြန်မာလိဂ် မရှိတဲ့အတွက် လူငယ်ကစားသမားတွေ ရှာဖွေဖို့ အရမ်းခက်ခဲခဲ့တယ်။ ကျွန်တော်တို့ မေလမှာတော့ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် အသင်းကို ပြန်တည်ဆောက်ခဲ့တယ်။ ခြေစစ်ပွဲမှာ ပြိုင်ဘက် အသင်းတွေကို မယှဉ်နိုင်ခဲ့ပေမယ့် ဒါကို သင်ခန်းစာယူပြီး အသင်းနဲ့ ကိုက်ညီမှုရှိတဲ့ ကစားသမားတွေ ရရှိအောင် ကြိုးစားနိုင်ခဲ့ပါတယ်။ တူရကီမှာ လေ့ကျင့်ပြင်ဆင်နေတဲ့ ကာလမှာလည်း အကောင်းဆုံး ပြိုင်ဆိုင်မှုတွေ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ 

စင်ကာပူနဲ့ပွဲအတွက် ဖိအားရှိနိုင်လား

Photo: Flicker

ကျွန်တော့် အကြိုက်ဆုံးအသင်းက အိမ်ရှင်စင်ကာပူအသင်းပါပဲ။ အိမ်ရှင်ပရိသတ် ၁၀၀၀၀ ကျော် လာရောက်အားပေးလေ့ရှိတဲ့အတွက် ပြိုင်ဘက်ကို ဖိအားတွေ အများကြီး ဖြစ်စေပါတယ်။ ကျွန်တော်တို့ အသင်းအတွက်လည်း ဖိအားဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ဘောလုံးမှာ ဘာမဆို ဖြစ်နိုင်ပါတယ်။

မြန်မာအသင်းဟာ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အုပ်စု (က) မှာ ကျရောက်နေပြီး ဒီဇင်ဘာ ၅ ရက်တွင် အိမ်ရှင်စင်ကာပူအသင်း၊ ဒီဇင်ဘာ ၈ ရက်တွင် တီမောအသင်း၊ ဒီဇင်ဘာ ၁၁ ရက်တွင် ထိုင်းအသင်းနှင့် ဒီဇင်ဘာ ၁၈ ရက်တွင် ဖိလစ်ပိုင်အသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

Share

က္က